ယူကရိန်းမှာ NATO အဖွဲ့ဝင် ဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း အမေရိကန် ကြေညာချက်များကို ကြိုဆိုကြောင်း ကရင်မလင် ပြောကြား

News Image

  • ယူကရိန်းမှာ NATO အဖွဲ့ဝင် ဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း အမေရိကန် ကြေညာချက်များကို ကြိုဆိုကြောင်း ကရင်မလင် ပြောကြား

ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်နိုင်ခြေကို အမေရိကန်က ဖယ်ရှားလိုက် ကြောင်း ကြေညာချက်များကို ရုရှားက ကြိုဆိုကြောင်း ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်စကိုဗ်က ဧပြီ ၂၁ ရက် (တနင်္လာနေ့)တွင် ပြောကြားလိုက်ပါသည်။ 

ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီး၏ NATO အဖွဲ့ဝင်ဖြစ်လိုမှုဆန္ဒမှာ မည်သည့်အခါမျှ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ၊ ယူကရိန်းပဋိပက္ခမှာ ထိုကိစ္စက အစပျိုးခဲ့ခြင်းဖြစ်နိုင်ကြောင်း” ပြောကြားခဲ့သည်။ 

ထို့အပြင် အမေရိကန်၏ မူကြမ်းစာတမ်းတွင် ရုရှားက သိမ်းပိုက်ထားသော နယ်မြေအားလုံးသည် ရုရှား၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက် ရှိနေရမည်ဟု ပြဋ္ဌာန်းထားသည်။ ယင်းအဆိုပြုချက်များနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ယခုသီတင်းပတ်အတွင်း လန်ဒန်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။ 

အစောပိုင်းက ဝါရှင်တန်သည် ပဲရစ်ရှိ မိတ်ဖက်များထံ ယူကရိန်း အရေးကိစ္စဖြေရှင်းရန် အဆိုပြုချက်များကို တင်ပြခဲ့ရာ ၎င်းတွင် Kyiv ၏ NATO အဖွဲ့ဝင်ဖြစ်မှုဆိုင်ရာ ဆွေးနွေးမှုများကို ငြင်းပယ်ခြင်းနှင့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးခြင်းတို့ ပါဝင်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။ 

၂၀၀၈ ခုနှစ်၊ ဧပြီလအတွင်း ဘူခါရက်စ်ထ် အစည်းအဝေး ထိပ်သီးညီလာခံတွင် NATO က ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတို့သည် အချိန်ကြာလာသည်နှင့်အမျှ NATO အဖွဲ့ဝင်များ ဖြစ်လာမည်ဟု နိုင်ငံရေးကြေညာချက်ကို အတည်ပြုခဲ့သော်လည်း အဖွဲ့ဝင်ဖြစ်ရန် တရားဝင်လုပ်ထုံးလုပ်နည်း၏ ပထမဆုံးအဆင့်ဖြစ်သော Membership Action Plan (MAP) ကို နိုင်ငံ နှစ်နိုင်ငံလုံးအား ပေးအပ်ရန် ငြင်းဆိုခဲ့သည်။ 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဗီလ်နီးယပ်စ်တွင် ကျင်းပသော NATO အစည်းအဝေးတွင်လည်း မည်သည့်တိကျသောအချိန်ကာလကိုမှ ဖော်ပြ ခြင်းမရှိဘဲ ယူကရိန်း၏ အနာဂတ်သည် NATO တွင်ရှိသည် ဟု ပြောကြား ခဲ့သည်။ 

၂၀၂၄ ခုနှစ် ဝါရှင်တန် အစည်းအဝေးတွင် ယူကရိန်းသည် “NATO သို့ ပြန်လှည့်၍ မရသော လမ်းကြောင်းပေါ်တွင် ရှိသည်” ဟု ပြောကြားခဲ့သည်။ အဆိုပါအသုံးအနှုန်းကို ထိုစဉ်က NATO အထွေထွေ အတွင်းရေးမှူး Jens Stoltenberg နှင့် ၎င်း၏ ဆက်ခံသူ Mark Rutte တို့က လပေါင်းများစွာ ထပ်တလဲလဲ ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီး အစိုးရအသစ်က အမေရိကန် ၏ မူဝါဒအသစ်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည့်အခါ Rutte က NATO သည် ယူကရိန်း၏ အဖွဲ့ဝင်ဖြစ်မှုနှင့်ပတ်သက်၍ တိကျသော ကတိကဝတ်များ ဘယ်သောအခါမှ မပြုခဲ့ဟု ကြေညာခဲ့သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃