ငလျင်ကြောင့် ထိခိုက်ခဲ့သော ဒေသ (၅) ခုမှ ရှေးဟောင်း အဆောက်အအုံများကို UNESCO Guide Line နှင့်အညီ ဆောင်ရွက်နေ
အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခဲ့သော မန္တလေး အပါအဝင် ဒေသ (၅)ခုရှိ ရှေးဟောင်း အမွေအနှစ်အဆောက်အအုံများကို UNESCO Guide Line နှင့်အညီ ဆောင်ရွက်နေကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါငလျင်ကြောင့် မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်း စသည့် ဒေသများရှိ ထိခိုက် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက အဖွဲ့ (၈) ဖွဲ့ ဖွဲ့စည်းကာ UNESCO Guide Line နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး Assessment များ ကောက်ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ရှေးဟောင်းအဆောက်အအုံများကို ဦးစားပေး အဆင့်သတ်မှတ်ခွဲခြားလျက်ရှိပြီး ၂၀၁၆ ခုနှစ် ပုဂံငလျင် ဖြစ်ပွားခဲ့ပြီးနောက် UNESCO ပညာရှင်များ လာရောက်ပြုစု သင်ကြားပေးခဲ့သည့် ပုံစံ၊ စနစ်၊ ဇယားများအား မှီငြမ်း နမူနာယူ၍ ရှေးဟောင်းစေတီ၊ ပုထိုးများ၏ ဗိသုကာ နှင့်အနုပညာလက်ရာများအား စိစစ်မှတ်တမ်းပြုစုလျက်ရှိကြောင်း သိရသည်။ အင်းဝဒေသသည် ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခု ရှိသည့်အနက် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံ ၆၁၄ ခု စစ်ဆေး တွေ့ရှိကာ စာရင်းကောက်ယူပြီးစီး၍ အသေးစိတ်စာရင်းသွင်းမှု ၅၀၀ ကျော် ပြီးစီးပြီဖြစ်ပြီး Grading ခွဲပြီးပါက ပြုပြင်ထိန်းသိမ်းခြင်းကို ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က ထုတ်ပြန်ထားသည်။ အဆိုပါပြုပြင် ထိန်းသိမ်း နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များချမှတ်ပြီး လတ်တလော ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ဗွီဒီယို မှတ်တမ်းများရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီများ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် အရေးပေါ်ထိန်းသိမ်းရန် လိုအပ်ပါက ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခန့်မှန်းခြေ စာရင်းနှင့်အစီရင်ခံစာရေးသားခြင်း၊ Conserve / Restore/ Rebuild ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာ နယ်မြေများအလိုက် အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန် ခဲ့သည်။
ကိုးကား-NP News