ဘိုလီးဗီးယားနိုင်ငံတွင် လေယာဉ်တစ်စီးသည် မိကျောင်းများ ပေါများသည့် ရွှံ့နွံအိုင်အတွင်း ပျက်ကျခဲ့သော်လည်း လိုက်ပါသွားသူအားလုံး အသက်ရှင် လွတ်မြောက်

News Image

  • ဘိုလီးဗီးယားနိုင်ငံတွင် လေယာဉ်တစ်စီးသည် မိကျောင်းများ ပေါများသည့် ရွှံ့နွံအိုင်အတွင်း ပျက်ကျခဲ့သော်လည်း လိုက်ပါသွားသူအားလုံး အသက်ရှင် လွတ်မြောက်

ဘိုလီးဗီးယားနိုင်ငံတွင် လူ (၅) ဦး လိုက်ပါလာသည့် လေယာဉ်တစ်စင်း သည် ဘိုလီးဗီးယားအမေဇုန်တောအတွင်းက မိကျောင်းများ ပေါများသည့်  ရွှံ့နွံအိုင်တစ်ခုထဲသို့ အရေးပေါ်ဆင်းသက်မှုလုပ်ဆောင်ခဲ့ရသော်လည်းအားလုံးအသက်ရှင်လွတ်မြောက်ခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ အမျိုးသမီး(၃)ဦး၊ ကလေးငယ်တစ်ဦးနှင့် အသက် (၂၉)နှစ် အရွယ် လေယာဉ်မှူးတို့ကို ရွှံ့နွံအိုင်အတွင်းမှ ကောင်းမွန်သော အခြေအနေနှင့် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည်ဟု Beni ဒေသက အရေးပေါ်ကယ်ဆယ်ရေးစင်တာ၏ ဒါရိုက်တာ Wilson Ávila က ပြောကြားခဲ့ပါသည်။ အင်ဂျင်တစ်လုံးတပ်လေယာဉ်သည် Baures မြို့မှ (၁၈၀) ကီလိုမီတာခန့်ဝေးသည့် Trinidad မြို့ကို ပျံသန်းလာစဉ်အချိန်အတွင်း ယခုကဲ့သို့ အရေးပေါ်ဆင်းသက်မှုကို လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည် ဟု လည်း သိရပါသည်။ လေယာဉ်သည် လက်ရှိပျံသန်းနေသည့် အမြင့်ပေမှ နိမ့်ကျလာမှုနှင့်အတူ  ရွှံ့နွံအိုင်တစ်ခုအတွင်းသို့ အရေးပေါ်ဆင်းသက်မှု လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု အသက်(၂၉)နှစ်အရွယ် လေယာဉ်မှူးက ပြောကြားခဲ့ပါသည်။ ၎င်းတို့နှင့် (၃) မီတာအကွာခန့်တွင် မိကျောင်းများ ရှိနေခဲ့သော်လည်း လေယာဉ်မှထွက်လာသည့် ဆီယိုစိမ့်မှုက မိကျောင်းများကို တားဆီးခဲ့သည်ဟု ထင်မြင်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ ပါသည်။ ရွှံ့နွံအိုင်အတွင်း အန်နာကွန်ဒါမြွေတစ်ကောင်ကိုလည်း တွေ့ခဲ့ ရသည်ဟု လေယာဉ်မှူးက ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းတို့ (၅) ဦး သည် ရွှံနွံအိုင်အတွင်း (၃၆)နာရီကြာ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ခရီးသည် တစ်ဦးယူလာသည့် ဒေသထွက်ဂျုံမှုန့်များကိုသာ စားသောက်ခဲ့ရသည်ဟု လေယာဉ်မှူးက ပြောကြားခဲ့ပါသည်။

ကိုးကား-NP News

Photo: Yahoo