ဆယ်စုနှစ်တစ်စုကြာ ရပ်နားထားသည့် ၁၁၇ ထပ်အမြင့်ရှိ တရုတ် မိုးမျှော်တိုက်ဆောက်လုပ်ရေးကို ပြန်စမည်
တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့တွင် ၁၀ နှစ်နီးပါး ဆောက်လုပ်မှုရပ်နားထားသည့် ၁၁၇ ထပ်အမြင့်ရှိ Goldin Finance 117 မိုးမျှော်တိုက်ကို ဆောက်လုပ်မှုပြန်စတင်မည်ဟု တရုတ်နိုင်ငံပိုင် သတင်း ဌာနက ကြေညာထားသည်။ အမြင့်ပေ ၁၉၅၉ ပေရှိပြီး ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ၂၀၁၅ ခုနှစ်ကတည်းက ဆောက်လုပ်မှု ရပ်နား ခဲ့ကာ ယခုဆောက်လုပ်ရေးကို ၂၀၂၇ ခုနှစ်တွင်အပြီးသတ်ရန် ရည်မှန်း ထားသည်။
လေဒဏ်၊ ငလျင်ဒဏ်တို့ကိုခံနိုင်ရည်ရှိစေရန် mega columns စနစ်ဖြင့် တည်ဆောက်ထားပြီး ထိပ်ဆုံးအလွှာက ရေကူးကန်နှင့် ရှုခင်းကြည့်ရန် နေရာပါသည့် အလွှာဖြစ်မည်။ ဟောင်ကောင်ဗိသုကာကုမ္ပဏီ P&T Group အဆိုအရ အပေါ်ထပ်အလွှာများတွင် ရုံးခန်းများနှင့် ကြယ်ငါးပွင့် ဟိုတယ် တစ်ခု ထည့်ဆောက်ရန် စီစဉ်ထားသည်။
အဆိုပါ မိုးမျှော်တိုက်ကို ၂၀၁၅ ခုနှစ် တရုတ်စတော့ စျေးကွက် ပျက်ပြီး ကတည်းက ဆောက်လုပ်မှုရပ်လိုက်ရခြင်းဖြစ်သည်။ China 117 ဟုလည်း ခေါ်သည့် ယခုအဆောက်အအုံ တည်ဆောက်ရေးကို ဟောင်ကောင် အခြေစိုက် Goldin Properties Holdings အိမ်ခြံမြေကုမ္ပဏီက တာဝန် ယူခဲ့ပြီး ကုမ္ပဏီတည်ထောင်သူ ဖန်းဆူးထုံးသည် တစ်ချိန်က ဟောင်ကောင် ၏ အချမ်းသာဆုံး စီးပွားရေးသမားများထဲမှ တစ်ဦးဖြစ်သော်လည်း ၂၀၁၅ ဂယက်ကြောင့် လုပ်ငန်းပိတ်သိမ်းလိုက်ရသည်။ ယခု ဆောက်လုပ်ရေး ပြန်စရန်ပါမစ်အရ အဆောက်အအုံနာမည်တွင် ယခင်ကုမ္ပဏီဟောင်း၏ အမည် ပါဝင်မည်မှာ သေချာမှုမရှိပါ။
စည်းမျဉ်းတင်းကြပ်မှုများရှိသည့်ကြားမှ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မိုးမျှော်တိုက်ဆောက်လုပ်မှု အများဆုံးနိုင်ငံဖြစ်နေသည်။ ယခင်နှစ်က ကမ္ဘာတစ်ဝန်းတည်ဆောက်ပြီးစီးခဲ့သည့် မီတာ ၂၀၀ နှင့်အထက် မိုးမျှော်တိုက် ၁၃၃ ခုအနက် ၉၁ ခုသည် တရုတ်နိုင်ငံတွင်ရှိသည်။
တရုတ်တွင် အမြင့်ဆုံးအဆောက်အအုံနှစ်ခုက ရှန်ဟိုင်းတာဝါနှင့် ရှင်းကျန့် မြို့ရှိ ဖင်အန်းဘဏ္ဍာရေးစင်တာတို့ဖြစ်ပြီး China 117 ဆောက်လုပ်ပြီး ပါကတရုတ်နိုင်ငံ၏တတိယမြောက်၊ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်လာမည်။
ကိုးကား- Eleven