အိန္ဒုမြစ်ရေကို ဖြတ်တောက်ပိတ်ဆို့လိုက်ပါက ပါကစ္စတန်၏ စိုက်ပျိုးရေး ၈၀ % ခန့်ရပ်သွားမည်
အိန္ဒိယသည် ၎င်း၏ ပိုင်နက်မှ အိမ်နီးချင်း ပါကစ္စတန်သို့ စီးဆင်းနေသည့် ရေပေးဝေမှုကို ကန့်သတ်ရန် စတင်နေပြီဖြစ်ပြီး အလားတူအစီအမံများ ရှိလာမည်ဟု PTI သတင်းအေဂျင်စီက အမည်မဖော်လိုသည့် သတင်းရင်းမြစ် ကိုကိုးကားပြီး ဖော်ပြခဲ့ပါသည်။
နယူးဒေလီအစိုးရက အစ္စလာမာဘတ်အစိုးသည် နယ်စပ်ဖြတ်ကျော် စစ်သွေးကြွများ၏ ကျုးကျော်မှုများကို ကူညီပေးနေကြောင်းစွပ်စွဲကာ အဓိကရေခွဲဝေမှု အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေး စာချုပ်ကို မကြာမီက ဆိုင်းငံ့လိုက်ပါသည်။ အစ္စလာမာဘတ်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားပါသည်။
တနင်္ဂနွေနေ့ (မေ ၄) တွင် အိန္ဒိယ၏အကြီးဆုံးသတင်းအေဂျင်စီ PTI က ချီနဘ် မြစ်ပေါ်ရှိ ဘဂ်လီဟာ ရေလှောင်တမံမှတစ်ဆင့် ရေစီးဆင်းမှုကို ပိတ်ဆို့ထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါသည်။ အလားတူ အိန္ဒိယအုပ်ချုပ်သည့် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသ မြောက်ဘက်ရှိ ဂျယ်လမ်မြစ်ပေါ်ရှိ ကီရှန်ဂန်ဂါဆည်ကိုလည်း ပိတ်ဆို့ရန် စီစဉ်နေကြောင်းလည်း ဆိုပါသည်။
ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ၁၉၆၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုး ခဲ့သောအိန္ဒုမြစ်ရေစာချုပ် (IWT) သည် စစ်ပွဲလေးကြိမ် ဖြစ်ပွားပြီးနောက် တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။ ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် မြစ်ရေအပေါ် အလေးပေးမှီခို အားအထားရဆုံး နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် စွမ်းအင်ထုတ်လုပ်ရေးတို့အတွက် အိန္ဒုမြစ်ကို မှီခိုအားထားနေရပါသည်။ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံသည် ပါကစ္စတန်သို့ရေပေးဝေမှုကို ဖြတ်တောက်ပါက အဆိုပါနိုင်ငံအနေဖြင့် ဂျုံ၊ ဆန်နှင့် ဝါဂွမ်းကဲ့သိုသော မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးမြေ ၈၀ % ကျော် ထိခိုက်မည်ဖြစ်ကြောင်း သိရ ပါသည်။
ကိုးကား-Myanmar National Post