အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှုများ မြင့်တက်နေသည့်အတွက် ပါကစ္စတန် လေပိုင်နက်အတွင်း လေယာဉ်ပျံသန်းပြေးဆွဲရန် အဓိက လေကြောင်းလိုင်းအချို့ ရှောင်ရှား
ကမ္ဘာလှည့်ခရီးသည်များအား လုပ်ကြံတိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ဆက်ဆံရေး ဆိုးရွားစွာ ကျဆင်းလာမှုကြောင့် အဓိက လေကြောင်းလိုင်းများသည် ပါကစ္စတန်၏ လေပိုင်နက် အတွင်း ပျံသန်းပြေးဆွဲရန် ရှောင်ရှားလျက်ရှိသည်။
အဆိုပါလုပ်ကြံတိုက်ခိုက်မှုအပြီး ယင်းနှစ်နိုင်ငံအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် လေကြောင်းလိုင်းများ ပိတ်သိမ်းခြင်း၊ ဒုံးကျည် စမ်းသပ်မှုများ ဆောင်ရွက်ခြင်းနှင့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ခြင်း တို့ကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမို မြင့်တက်လျက်ရှိသည်။ ထိုသို့ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ယခုအခါ အခြားအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ အပေါ်တွင်ပါ သက်ရောက်မှုများ ရှိလာခြင်းဖြစ်သည်။
Emirates အပါအဝင် ဗြိတိန်လေကြောင်းလိုင်းအချို့၊ ဆွစ်လေကြောင်း လိုင်းနှင့် အခြားလေကြောင်းလိုင်းများသည် ပါကစ္စတန်၏ လေပိုင်နက်ကို ရှောင်ရှားရန်အတွက် အာရေဗျပင်လယ်ကို ဖြတ်ပြီး လမ်းကြောင်းရှည်များဖြင့် ပျံသန်းနေရသည်။ ထို့ကြောင့် အနာဂတ်တွင် အဆိုပါ လေကြောင်းလိုင်းများအနေဖြင့် လောင်စာဆီ ပိုမိုသုံးစွဲရမည် ဖြစ်ပြီး ကုန်ကျစရိတ်များ မြင့်တက်လာနိုင်မည်ဖြစ်သည်။
ကိုးကား -CNN
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃