ဒိန်းမတ်က အမေရိကန်သံတမန်အား ဆင့်ခေါ်၍ “အမေရိကန်က ဂရင်းလန်း ကျွန်းအပေါ် သူလျှိုလှုပ်ရှားမှုများ တိုးမြှင့်လာခြင်း” ကိစ္စကို ဆွေးနွေးမည်

News Image

  • ဒိန်းမတ်က အမေရိကန်သံတမန်အား ဆင့်ခေါ်၍ “အမေရိကန်က ဂရင်းလန်း ကျွန်းအပေါ် သူလျှိုလှုပ်ရှားမှုများ တိုးမြှင့်လာခြင်း” ကိစ္စကို ဆွေးနွေးမည်

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Løkke Rasmussen က မေ ၇ ရက်တွင် ၎င်းအနေဖြင့် ဒိန်းမတ် နိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိပုဂ္ဂိုလ်အားဆင့်ခေါ်၍ အမေရိကန်က ဒိန်းမတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဂရင်းလန်းကျွန်းတွင် သူလျှိုနှင့်ထောက်လှမ်းရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် စီစဉ်ထားသည် ဟူသော အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်ပုဂ္ဂိုလ်နှစ်ဦး၏ ပြောကြားချက်အရ အမေရိကန်သည် ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ သတင်းအချက်အလက် စုဆောင်းမှုလုပ်ငန်းအား မြှင့်တင်လုပ်ဆောင်လျက်ရှိကြောင်း၊ အမေရိကန်သူလျှို အဖွဲ့အစည်းကို သမ္မတထရမ့်က အဆိုပါကျွန်းအား “လက်လွှဲရယူသည့်” လှုပ်ရှားမှုအတွင်း ထည့်သွင်း ထားကြောင်း အမေရိကန် “The Wall Street Journal” က မေ ၆ ရက်တွင် သတင်းဖော်ပြထားသည်။

အဆိုပါသတင်းဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ၎င်းအနေဖြင့် များစွာပူပန်ပြီး အထူးဂရုပြုမိကြောင်း၊ အဘယ်ကြောင့်ဆိုသော် “မိတ်ဖက်များအကြားမှာ သူလျှိုလှုပ်ရှားမှု မလုပ်ဆောင်သင့်” ကြောင်း Lars Løkke Rasmussen က ဒိန်းမတ်ရေဒီယို (DR) ကို ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါသတင်းအကြောင်းအရာ၏ စစ်မှန်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော်လည်း အမေရိကန်ဘက်က သက်ဆိုင်ရာသတင်းနှင့်စပ်လျဉ်း၍ အတိအလင်းငြင်းဆိုမှု မလုပ်သေးကြောင်း၊ ယင်းကြောင့် ၎င်း၏ပူပန်မှုကို တစ်ဆင့်တိုးစေကြောင်း၊ ထို့အတွက် ၎င်းသည် ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိပုဂ္ဂိုလ်အား ဆင့်ခေါ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒိန်းမတ်၏ ရင်းနှီးသည့်မဟာမိတ်တစ်ဦးက ထောက်လှမ်းရေးလှုပ်ရှားမှု၊ ဩဇာလွှမ်းမိုးမှုတိုးချဲ့သည့် နည်းဖြင့် ဒိန်းမတ်ဘုရင်နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးရန်၊ ယုတ်စွအဆုံး ဂရင်းလန်းကျွန်းကို လက်လွှဲရယူရန် စဉ်းစားနေသည်ဆိုပါက ဒါကအရမ်းကိုဆိုးရွားပါသည်” ၊ အမေရိကန်၏ အဆိုပါ ကြိုးပမ်းမှုသည် “ဘယ်လိုမှ အောင်မြင်နိုင်သည့် ဖြစ်နိုင်ခြေရှိပါသည်” ဟု မယူဆကြောင်း Lars Løkke Rasmussen က ပြောကြား ခဲ့သည်။

အမေရိကန်မီဒီယာ၏ အဆိုပါသတင်းဖော်ပြချက်ကလည်း ဂရင်းလန်းကျွန်း၌ ဆွေးနွေးမှုများ ဖြစ်စေခဲ့သည်။ ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလွှတ်တော် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒကော်မတီဥက္ကဋ္ဌ Pipaluk Lynge က DR တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ဂရင်းလန်းကျွန်း မြို့တော် Nuuk အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်ပစ်ရန် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။ 

ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင်တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ အဆိုပါကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီး အလွန်မြင့်မားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက် ရှိသည်။

အမေရိကန်သည် လက်ရှိတွင် ဂရင်းလန်းကျွန်း၌ အဓိက စစ်တပ်အခြေစိုက်စခန်းတစ်ခုရှိသည်။ ယမန်နှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲပြီးနောက် အမေရိကန် သမ္မတ ထရမ့်သည် ဂရင်းလန်းကျွန်း ထိန်းချုပ်ခွင့်အား ရယူလိုသည့် ပြင်းပြသောဆန္ဒကို အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် “စစ်ရေး သို့မဟုတ် စီးပွားရေးအရ အကျပ်ကိုင်မှု” နည်းလမ်းဖြင့် အဆိုပါကျွန်း၏ထိန်းချုပ်ခွင့်အား ရယူမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်းလည်း ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua