တာတိုပစ်ပဲ့ထိန်းဒုံးစမ်းသပ်ပစ်ခတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန် ကြီးကြပ် ဆောင်ရွက်
မြောက်ကိုရီးယားက တာတိုပစ်နှင့် တာဝေးပစ်ပဲ့ထိန်းဒုံး ပူးတွဲပစ်ခတ် လေ့ကျင့်မှုတစ်ရပ်ကို မေလ ၈ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း အာဏာရအလုပ်သမားပါတီ၏ သတင်းစာတွင် ရေးသားဖော်ပြခဲ့ပါသည်။
အဆိုပါပစ်ခတ်စမ်းသပ်မှုတွင် ၆၀၀ မီလီမီတာ အတွဲလိုက်ပစ်ဒုံးစနစ်နှင့် Hwasong –11-Ka အမျိုးအစား တာတိုပစ် ပဲ့ထိန်းဒုံးများ ပါဝင်ပစ်ခတ်လေ့ကျင့်ခဲ့ကြကြောင်း၊ ယခုလေ့ကျင့်မှုသည် နျူကလီးယားလက်နက် တုံ့ပြန်တိုက်ခိုက်ရာတွင် မြောက်ကိုရီးယားစစ်သည်များအနေဖြင့် လုပ်ဆောင်ဖွယ်ရာများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် ကို လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုလည်း ရေးသားဖော်ပြခဲ့သည်။
ခေါင်းဆောင် ကင်က စစ်မက်တားဆီးရေးနှင့် စစ်မက်မဟာဗျူဟာတို့တွင် နျူကလီးယားတပ်ဖွဲ့၏ ပဓာနကျသည့် အခန်းကဏ္ဍကို ပုံမှန်တိုးတက်လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် နျူကလီးယားတပ်ဖွဲ့အနေဖြင့် သမားရိုးကျစစ်ပွဲများအတွက်လည်း တိုက်ပွဲဝင်အသင့်ဖြစ်ရန် လိုအပ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
အဆိုပါလေ့ကျင့်မှုနှင့်ပတ်သက်၍ “မြောက်ကိုရီးယားက တာတိုပစ်အတွဲလိုက် ပဲ့ထိန်းဒုံးများကို ဂျပန်ပင်လယ် အတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း၊ ယခုစမ်းသပ်မှုသည် ရုရှားနိုင်ငံသို့ လက်နက်များ မတင်ပို့မီ စွမ်းဆောင်ရည် စမ်းသပ်လုပ်ဆောင်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း” တောင်ကိုရီးယားစစ်ဘက်က မေလ (၈) ရက်နေ့တွင် ပြောကြားခဲ့မှု ကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက-၄