ရုရှားနိုင်ငံ၏ အာကာသအေဂျင်စီ Roscosmos မှ ထုတ်ပြန်ချက်အရ ဆိုဗီယက်ယူနီယံခေတ်က လွှတ်တင်ခဲ့သည့် အာကာသယာဉ် တစ်စင်းသည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ကျဆင်း
ရုရှားအာကာသအေဂျင်စီ Roscosmos ၏ ထုတ်ပြန်ချက်အရ ၁၉၇၂ ခုနှစ်က ဆိုဗီယက်တို့လွှတ်တင်ခဲ့သော အာကာသယာဉ်တစ်စင်း အိန္ဒိယ သမုဒ္ဒရာထဲသို့ ကျဆင်းဝင်ရောက်ခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် သောကြာဂြိုဟ်ဆိုင်ရာ မစ်ရှင်မအောင်မြင်ခဲ့ဘဲ ကမ္ဘာပတ်လမ်းထဲတွင် ဆယ်စုနှစ် ၅ ခုကျော် ရှိနေခဲ့သော Kosmos 482 စမ်းသပ်ယာဉ် ဖြစ်သည်။
Roscosmos ၏ အဆိုအရ ယင်းအာကာသယာဉ်သည် စနေနေ့ (မေ ၁၀) နံနက်ပိုင်းတွင် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်ကာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၏ အနောက်ဘက်ရှိ သမုဒ္ဒရာထဲသို့ ကျဆင်းခဲ့သည်။ အဆိုပါဖြစ်စဉ်ကို ဒေသအနီးတစ်ဝိုက်ရှိ အန္တရာယ်ရှိသော အခြေအနေများအတွက် အလိုအလျောက်သတိပေးစနစ်ဖြင့် စောင့်ကြည့်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု သို့မဟုတ် ဒဏ်ရာရသူများအကြောင်း မရှိခဲ့ကြောင်း သိရှိရ ပါသည်။
Kosmos 482 အာကာသယာဉ်ကို ၁၉၇၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စု၏ သောကြာဂြိုဟ်စူးစမ်းရေးအစီအစဉ်အရ လွှတ်တင် ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လွှတ်တင်ယာဉ်၏ အထက်ပိုင်းအဆင့်တွင် ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့သဖြင့် အာကာသယာဉ်သည် ကမ္ဘာ့ဆွဲအားကို မကျော်လွှားနိုင်ခဲ့ဘဲ ဘဲဥပုံပတ်လမ်းထဲတွင် ကျန်ရစ်ခဲ့သည်။
Roscosmos ၏ အဆိုအရ ကမ္ဘာပတ်လမ်းထဲတွင် အသုံးမဝင်တော့သော အာကာသယာဉ်ပေါင်း ထောင်ချီကျန်ရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ် အတွင်းမှာပင် သဘာဝနှင့် လူလုပ်အာကာသပစ္စည်း ၁,၉၈၁ ခုသည် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ အေဂျင်စီ၏ ပြန်ကြားရေးဌာနမှ ဤသီတင်းပတ်အစောပိုင်း၌ နေ့စဉ် အာကာသပစ္စည်း ၅ ခုခန့် ကမ္ဘာပေါ်သို့ ကျရောက်လေ့ရှိပြီး ၇ ခုတွင် ၁ ခုသည် ၅၀၀ ကီလိုဂရမ်ထက် ပိုမိုလေးလံပြီး ညဘက်တွင် ကြယ်ပျံများ အဖြစ် မြင်တွေ့ နိုင်ကာ ပစ္စည်းပျက်စီးမှုဖြစ်စဉ်များမှာ ရှားပါးပြီး လူသားများ ထိခိုက် ဒဏ်ရာရမှုများ မရှိသေးပါ” ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂