ဩစတြေးလျမြောက်ပိုင်းတွင် အပူပိုင်းဒေသရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်လာ
ဩစတေးလျမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့နှင့်ဆက်စပ်သော အပူပိုင်းဒေသရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဘက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါ melioidosis ကြောင့် ၃၁ ဦး သေဆုံးခဲ့သည်ဟု ကွင်းစလန်ပြည်နယ်ကျန်းမာရေးဌာန၏နောက်ဆုံးထုတ်ပြန်ချက်အရ ဩစတြေးလျရုပ်သံလွှင့်အေဘီစီက ထုတ်လွှင့် ဖော်ပြခဲ့သည်။
လွန်ခဲ့သောသီတင်းပတ်က ကွင်းစလန်ပြည်နယ်မြောက်ပိုင်း အပူပိုင်းဒေသရှိ တောင်းစ်ဗီလီ ကမ်းရိုးတန်းမြို့မှ လူတစ်ဦးသည် melioidosis ဖြင့်သေဆုံးခဲ့သည်ဟု သိရသည်။
၂၀၂၅ ခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားမှုစုစုပေါင်း ၂၂၁ ဦးရှိလာရာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆၃ ဦး ပိုမိုများလာကြောင်း ဖော်ပြထားသည်။
Melioidosis သည် ဩစတေးလျမြောက်ပိုင်းနှင့် အရှေ့တောင်အာရှရှိ မြေဆီလွှာနှင့် မြေအောက်ရေများတွင် တွေ့ရသော ဘက်တီးရီးယားများနှင့်ထိတွေ့မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့သော ရှားပါးသည့်အပူပိုင်းဒေသရောဂါတစ်မျိုးဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ထိုဘက်တီးရီးယားပိုးများသည် လေထဲသို့ရောက်ရှိသွားနိုင်သည်ဟု သိရသည်။
ကွင်းစလန်ပြည်နယ်ကျန်းမာရေးဌာနက ရွှံ့ရေ၊ ရွှံမြေတို့နှင့်ထိတွေ့မိသောအခါ အကာအကွယ်ဖိနပ်၊ လက်အိတ်များနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ရန်နှင့် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းနှင့် အသက်ရှူခက်ခဲခြင်းလက္ခဏာများအတွက် သတိပြုကြရန် အကြံပြုပြောကြားထားသည်။
Source: Myanmar Digital News