အကြမ်းဖက်မှု တိုက်ဖျက်ရန် တရုတ်နှင့် အာဖဂန်ပူးပေါင်းမည်
တရုတ်နိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အာဖဂန်အစိုးရအား ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံပြီးရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အစောဆုံးရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဗုဒ္ဓဟူးနေ့ (မေ ၂၁) တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် လည်းဖြစ်သည့် ဝမ်သည် ပေကျင်းတွင် အာဖဂန် ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခန်မူတာကီ နှင့် တွေ့ဆုံစဉ် အဆိုပါ မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးနှင့် အာဖဂန်ပြည်သူတို့၏ လွတ်လပ်သောရွေးချယ်မှုကို လေးစားကြောင်း ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ ပြည်တွင်းရေးကို မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ အာဖဂန်နစ္စတန်တွင် ပုဂ္ဂိုလ်ရေး အမြတ်အစွန်းကို ဘယ်သောအခါမှ မရှာဖွေကြောင်းကိုလည်း ပြောကြား လိုက်ပါသည်။
အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက် သွားရန် အဆင်သင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး၊ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး၊ စွမ်းရည်မြှင့် သင်တန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးစသည့် နယ်ပယ်များတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
အာဖဂန်အစိုးရအနေနှင့်လည်း တရုတ်နိုင်ငံနှင့် ၎င်း၏ ချစ်ကြည်ရင်းနှီးမှု ကို အလွန်အလေးထားကြောင်း မူတာကီက ပြောကြားခဲ့သည်။
ကိုးကား- MNP