တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ရပ်က ရန်လိုသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ စွပ်စွဲပြောဆို
အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းရှိ သန္တာကျောက်တန်း တစ်ဝိုက်တွင် ရေကြောင်းဆိုင်ရာသုတေသနပြုလုပ်နေသော ဖိလစ်ပိုင် သင်္ဘောများထဲမှတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးခဲ့သည့် တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့၏လုပ်ရပ်မှာ ရန်လိုသည့်လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောဆိုခဲ့သည်။
ထို့ပြင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ မီးသတ်ပိုက်ဖြင့်ထိုးမှုကြောင့် ဖိလစ်ပိုင်သင်္ဘောသားများ၏ အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်မှုများ ဖြစ်စေခဲ့ကြောင်း ဖိလစ်ပိုင်ငါးဖမ်းဗျူရိုက ပြောကြားခဲ့သည်။ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့၏အဆိုပါလုပ်ရပ်များကို ဖိလစ်ပိုင်ငါးလုပ်ငန်းနှင့် အဏ္ဏဝါအရင်းအမြစ်ဆိုင်ရာဗျူရိုက ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့ ကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးက ချက်ချင်း ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်းသိရသည်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ် အစိုးရက အခိုင်အမာပြောဆိုထားသလို ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထား ကြသည်။ ၎င်းတို့အနက် ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏ ဖြစ်ပွားခဲ့သည့် နိုင်ငံနှစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား- NP News