တိုကျိုမှ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ အရေးပေါ်ထွက်ပေါက်တံခါးများကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲ သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရ
အမေရိကန် FBI နှင့် ဆီယက်တဲဆိပ်ကမ်း ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်ချက်အရ စနေနေ့ (မေ ၂၄) က တိုကျိုမှ ဟူစတန်သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ လေယာဉ် အရေးပေါ် ထွက်ပေါက် တံခါးနှစ်ခုကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။
FBI ၏ ထုတ်ပြန်ချက်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက ထိုပုဂ္ဂိုလ်ကို ထိန်းသိမ်းခဲ့ပြီး လေယာဉ်ဆင်းသက်ပြီးနောက် ကျန်းမာရေး စစ်ဆေးမှုအတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
All Nippon Airways ၏ Flight 114 သည် ဂျပန် Haneda လေဆိပ်မှ ဟူစတန်ရှိ George Bush Intercontinental လေဆိပ်သို့ ပျံသန်းစဉ် “စည်းကမ်းမလိုက်နာသော ခရီးသည်တစ်ဦးကြောင့်” လမ်းကြောင်းပြောင်း ခဲ့ရကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
Boeing 787-9 Dreamliner လေယာဉ်သည် ဆီယက်တဲ-တာကိုမာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် ဆင်းသက်ခဲ့ပြီး ထိုအချိန်တွင် လေယာဉ်သည် ပျံသန်းချိန် ၁၀ နာရီခန့် ရှိနေပြီဖြစ်ကြောင်း FlightAware လေယာဉ်ခြေရာခံဝက်ဘ်ဆိုက်က ဖော်ပြသည်။
ဆီယက်တဲဆိပ်ကမ်း ရဲတပ်ဖွဲ့ကို “ခရီးစဉ်အတွင်း လေယာဉ်ထွက်ပေါက် တံခါးများကိုဖွင့်ရန် ကြိုးစားသည့် ခရီးသည်တစ်ဦးအကြောင်း သတင်းပေးပို့မှုများကြောင့် ခေါ်ယူခဲ့ရသည်” ဟု ပြောရေးဆိုခွင့်ရှိသူ Chris Guizlo က CNN သို့ တနင်္ဂနွေနေ့ (မေ ၂၅) က ပြောကြားခဲ့သည်။ အခြား ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂