ကုန်ကျစရိတ်ကို ၉၀ ရာခိုင်နှုန်း သက်သာစေမယ့် အနာဂတ် စစ်သုံးရဟတ်ယာဉ်

News Image

  • ကုန်ကျစရိတ်ကို ၉၀ ရာခိုင်နှုန်း သက်သာစေမယ့် အနာဂတ် စစ်သုံးရဟတ်ယာဉ်

ရဟတ်ယာဉ်ဆိုတာက စစ်ဘက်ရဲ့စစ်ဆင်ရေးလုပ်ငန်းတွေမှာသာမက  အရပ်ဘက်ရဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း သိပ်ကို အရေးတကြီး လိုအပ်လှတဲ့ ယာဉ်တစ်မျိုး ဖြစ်ပါတယ်။ သမားရိုးကျ ရဟတ်ယာဉ်များကို တည်ဆောက်မှုက ငွေကြေးကုန်ကျမှု အထိုက်အလျောက် များပြားလှတာကြောင့် စစ်ဘက်မှာသာမက အရပ်ဘက်မှာပါ တွင်ကျယ်စွာအသုံးပြုနိုင်မှုနည်းပါးပါတယ်။ ဒါကြောင့် လစ်သူရေးနီးယား နိုင်ငံအခြေစိုက် Airvolve ဆိုတဲ့ကုမ္ပဏီ က မျိုးဆက်သစ် လေယာဉ်တစ်မျိုးကိုဖန်တီးဖို့ လုပ်ဆောင်နေတာတွေ့ရပါတယ်။

Aviation International News ဆိုတဲ့ သတင်းစာမှာဖော်ပြထားချက်အရ Airvolve ကုမ္ပဏီအနေနဲ့ သူတို့ဖန်တီးနေတဲ့ လေယာဉ်တစ်မျိုးကို Airlift လို့အမည်ပေးထားပြီး သူ့ရဲ့ဒီဇိုင်းပိုင်းကိုတော့ အဓိက အားဖြင့် ကုန်ပစ္စည်းတွေသယ်ဆောင်ဖို့ အတွက်ဒီဇိုင်း ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီလေယာဉ်က ပြင်းထန်လှတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းနဲ့ ကုန်ကျစရိတ်အားဖြင့်လည်း ရဟတ်ယာဉ်ကြီး တစ်စင်းထုတ်လုပ်မှုရဲ့ အစွန်းထွက်မျှသာ ရှိမယ်လို့ ဆိုထားပါတယ်။

ဒီ Airlift လေယာဉ်က လက်ရှိရဟတ် ယာဉ်များနဲ့    အကြီးစားမောင်းသူမဲ့ လေယာဉ်များထက် ကုန်ကျစရိတ် သက်သာမယ်၊  အသုံးပြုပုံရိုးရှင်းမယ်၊ ပိုပြီးတော့လည်း ဘေးကင်းစိတ်ချရမှုရှိစေမယ် ဆိုတာကတော့ သေချာ ပါတယ်။ သူ့ကိုထုတ်လုပ်ရခြင်းအတွက်  အဓိက ရည်ရွယ်ချက်တစ်ခုက ငွေကုန်ပြီး အကျိုးရှိစေတဲ့အပြင် ပြင်းထန်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ရှင်သန်နိုင်စွမ်းမြင့်မားတဲ့ ယာဉ်များကို  ရှာဖွေနေသူများအတွက် ဖြစ်ပါတယ်။ ကုန်ကျစရိတ် သက်သာမှုကတော့ လက်ရှိရဟတ်ယာဉ်တွေ တည်ဆောက်မှုထက် ၉၀ ရာခိုင်နှုန်းလောက် သက်သာမယ်လို့ဆိုပါတယ်။

မကြာသေးခင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေ၊ သဘာဝဘေးအန္တရာယ်ဖြစ် စဉ်တွေကြောင့် အခုလိုမျိုး ဘက်စုံအသုံးပြုလို့ရတဲ့ လေယာဉ်မျိုး တီထွင်ဖို့အတွက်ကိုစိတ်ကူးရခဲ့တာဖြစ်တယ်လို့ Airvolve ရဲ့ CEO ဒိုနာတက်ဂျန်ဗီလက်က ပြောပါတယ်။

“အခုဆိုရင် ရဟတ်ယာဉ်ဆိုတာမျိုးက သမိုင်းထဲမှာပြန်ရှာရမယ့် အရာဖြစ်သွား စေတော့မှာပါ။ ရဟတ်ယာဉ်တစ်စင်းက အကြောင်းအမျိုးမျိုးကြောင့် ပျက်ကျသွား ရတယ်ဆိုရင် ဒါကလူအား၊ ငွေအားနှစ်ခုစလုံးကို ဆုံးရှုံးမှုကြီးမားစေပါတယ်” လို့ သူက ဆက်ပြောထားပါတယ်။

အခုစိတ်ကူးထားတဲ့ Airvolve ရဲ့ Air-lift က ၄၄၁ ပေါင်အထိအလေးချိန်ရှိတဲ့ ကုန်စည်တွေကို သယ်ဆောင်နိုင်မှာဖြစ်ပြီး အတွင်းပိုင်း အကျယ်အဝန်းဆိုရင်လည်း ၅ ကုဗမီတာရှိကာ အကွာအဝေးအားဖြင့် ၁၀၀ ကီလိုမီတာအထိသွားနိုင်မှာဖြစ်ပါတယ်။

သူ့အတွက်က သီးခြားလိုအပ်ချက် ရှိတယ်ဆိုတာမျိုး မရှိလာဘဲ လက်ရှိအသုံး ပြုနေတဲ့ အခြေခံအဆောက်အဦများနဲ့ ဆက်လက်အသုံးပြုနိုင်စေမှာပါ။ ဒါ့အပြင် သူ့ကိုမောင်းနှင်နိုင်ဖို့အတွက် လေယာဉ် မောင်းသူ သီးသန့်လိုအပ်စေမှာ မဟုတ်ပါဘူး။

ဒီလေယာဉ်မှာ အဓိကပြုပြင်ပြောင်းလဲ ဆန်းသစ်ထားတာက ဒလက်တွေရဲ့ ဒီဇိုင်းပါ။ လက်ရှိသမားရိုးကျ ရဟတ်ယာဉ်များက ဒေါင်လိုက်ဝင်ရိုးကို အသုံးပြုထား တာဖြစ်ပါတယ်။ Airlift ကတော့ အလျားလိုက်ဝင်ရိုးဒလက်တွေကို အသုံးပြုထားတာပါ။ ဒီအတွက်ကြောင့် ရဟတ်ယာဉ်ရဲ့ ဒလက်တွေကို ထီးကြီးတစ်ချောင်းလိုမျိုး ခေါက်သိမ်းလို့ ရစေမှာဖြစ်ပါတယ်။

ဒီလိုပုံစံကို ဘိုးအင်းကုမ္ပဏီက ၁၉၃၀ ပြည့်နှစ်များမှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ် ပေမယ့်လည်း ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် ဒီဇိုင်းကိုစွန့်ပစ်ခဲ့ရတာပါ။ လက်ရှိ ခေတ်မီကုန်ကြမ်း ပစ္စည်းများကတော့ ဒီ ဒီဇိုင်းအတွက် ကောင်းကောင်းကြီးအသုံး ပြုနိုင်စေမယ်လို့ Airvolve ကယုံကြည် ထားပါတယ်။

Airlift   အတွက် အသုံးပြုထားတဲ့ အင်ဂျင်စနစ်က သာမန်အင်ဂျင်မဟုတ်ဘဲ စွမ်းအင်နှစ်မျိုးသုံး အင်ဂျင်ကို  အသုံးပြုထားတာပါ။ စွမ်းအင်တစ်မျိုးက လျှပ်စစ်စွမ်းအင်ဖြစ်ပြီး   နောက်ထပ်စွမ်းအင်တစ်မျိုးက သမားရိုးကျလေယာဉ်အင်ဂျင်မျိုးဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး မော်တာက  ရဟတ်ယာဉ်ပန်ကာဒလက်တွေကို လည်ပတ်စေမှာဖြစ်ပြီး မောင်းနှင်အားအတွက်ကတော့ သမားရိုးကျ အင်ဂျင်ကနေ စွမ်းအားပေး မှာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင် အသုံးပြုထားပေမယ့်လည်း သူ့မှာကြီးမားတဲ့ ဘက်ထရီတွေပါ ဝင်ခြင်းမရှိပါဘူး။ အရန်စနစ်အဖြစ် ဘက်ထရီအသေးစားများသာ ပါဝင်မှာပါ။ အင် ဂျင်အတွက်ကတော့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် Airvolve ကစဉ်းစားနေ ဆဲပါ။

Airlift ရဲ့နောက်ထပ် စွမ်းဆောင်ရည်များအနက် တစ်ခုကလိုအပ်မှသာရဟတ် ယာဉ်မောင်းသူက လိုက်ပါနိုင်မယ့်စနစ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကို အပြည့်အဝမောင်းသူမဲ့စနစ်အဖြစ် ဖန်တီးလာမှာဖြစ်လို့ပါပဲ။

လက်ရှိမှာတော့ ကုန်စည်သယ်ဆောင်ရေး အတွက်ကိုသာ ဦးစားပေးဖန်တီးနေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဝယ်ယူသူများရဲ့သဘောထားအတိုင်း အဆင်ပြေအောင်  ဖန်တီးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Source: Myawady Web Portal