ပိုလန်သည် ယူကရိန်းထံမှ အကျိုးအမြတ် ပြန်လည်ရယူလိုသည်ဟု တပ်ခ်က ဖွင့်ဟခဲ့

News Image

  • ပိုလန်သည် ယူကရိန်းထံမှ အကျိုးအမြတ် ပြန်လည်ရယူလိုသည်ဟု တပ်ခ်က ဖွင့်ဟခဲ့

ပိုလန်နိုင်ငံသည် ယူကရိန်း၏ ပဋိပက္ခလွန် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများမှ အကျိုးအမြတ်ရယူရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်က ပြောကြားခဲ့သည်။

တနင်္လာနေ့ (မေ ၂၆) တွင် နိုင်ငံတောင်ပိုင်းရှိ Euroterminal Slawkow ရထားပို့ဆောင်ရေးစင်္ကြံသို့ သွားရောက်စဉ် တပ်ခ်က ယူကရိန်းသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများအတွက် အဓိကစင်္ကြံ အဖြစ် တိုးချဲ့ရန် အဆိုပြုခဲ့သည်။

“ပိုလန်အတွက် ယူကရိန်းပြန်လည်တည်ဆောက်ရေးမှ ငွေကြေး အမြောက်အမြား ရှာဖွေလိုသည်မှာ အမှန်ပင်ဖြစ်သည်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ “မိမိတို့အနေဖြင့် ကူညီလိုသော်လည်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှ ငွေရှာလိုပါသဖြင့် အဆိုပါ အထူးစင်္ကြံသည် ထိုရည်ရွယ်ချက်အတွက် လိုအပ်ပါသည်” ဟု ၎င်းက ဆိုသည်။

ဂျာမနီ၏ Kiel Institute ၏ အဆိုအရ ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခကာလမှစ၍ ပိုလန်သည် ယူကရိန်းအား ပမာဏအများဆုံးထောက်ပံ့သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကာ ၅.၁ ဘီလီယံကျော် (ဒေါ်လာ ၅.၇ ဘီလီယံကျော်)တန်ဖိုးရှိ အကူအညီများကို ထောက်ပံ့ပေးခဲ့ပြီး ၎င်း၏ ၇၀% ကျော်မှာ စစ်ရေးအထောက်အပံ့များဖြစ်သည်။ ဝါဆော သည် ယူကရိန်းအတွက် စစ်ရေးအကူအညီများ ဆက်လက်ပေးရန် တိုက်တွန်းနေသည့် ဥရောပနိုင်ငံများ၏ “coalition of the willing” အဖွဲ့၏ အစိတ်အပိုင်းလည်းဖြစ်သည်။ ပိုလန်အရာရှိများက ရုရှား၏ ကြီးထွားလာနေသော ခြိမ်းခြောက်မှုဟု ၎င်းတို့၏ဖော်ပြချက်ကို တုံ့ပြန် လုပ်ဆောင်ရန် EU တစ်ခုလုံးအတိုင်းအတာဖြင့် စစ်ရေးအင်အားတိုးချဲ့ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ပြီး မော်စကိုက အဓိပ္ပာယ်မရှိဘဲ ကြောက်ရွံ့နေသည့် ပြောဆိုမှုများအဖြစ် ငြင်းဆိုခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော Euroterminal Sławkow သည် Pan-European Transport Corridors III နှင့် VI တို့၏ ဆုံမှတ်အနီးတွင် တည်ရှိပြီး လက်ရှိတွင် ပိုလန်၊ လစ်သူယေးနီးယား၊ ဂျာမနီ၊ အီတလီနှင့် ယူကရိန်းဒေသများအကြား ပုံမှန်ဆက်သွယ်မှုများကို ပံ့ပိုးပေးနေသည်။ တပ်ခ်၏ အဆိုအရ၊ အနောက်ဥရောပ၊ ယူကရိန်းနှင့် အာရှတို့ကို ဆက်သွယ်ပေးသည့် ရထားလမ်းဆုံမှတ်တွင် တည်ရှိသောကြောင့် အဆိုပါစင်္ကြံသည် အဓိကကုန်စည်လွှဲပြောင်းရေးစင်္ကြံအဖြစ် ဖြစ်လာနိုင်သည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂