အမေရိကန်စစ်တပ်က လာမည့်လအနည်းငယ်အတွင်း ဥရောပမှ စစ်သည်အင်အားလျှော့ချရန် မျှော်လင့်ထားဟု ဆို

News Image

  • အမေရိကန်စစ်တပ်က လာမည့်လအနည်းငယ်အတွင်း ဥရောပမှ စစ်သည်အင်အားလျှော့ချရန် မျှော်လင့်ထားဟု ဆို

ဂျာမန်နေ့စဉ်သတင်းစာ Handelsblatt က ဥရောပ အဆင့်မြင့် သံတမန်များ၏ ပြောဆိုမှုများကို ကိုးကား၍ အမေရိကန်သည် လာမည့်လ အနည်းငယ်အတွင်း ဥရောပရှိ စစ်အခြေစိုက်စခန်းများ လျှော့ချမည်ဟု ကြေညာရန် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။ သို့သော် ရုပ်သိမ်းမည့် ပမာဏနှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရှိရသေးဘဲ NATO သည် အဆိုပါ လုပ်ဆောင်မှုအတွက် ပြင်ဆင်နေသည်ဟု သတင်းစာက ဆိုသည်။

EU အရင်းအမြစ်များအရ အဆိုပါရုပ်သိမ်းမှုသည် အမေရိကန်၏ နိုင်ငံတော် ကာကွယ်ရေး ဗျူဟာအသစ်နှင့် ဆက်စပ်နေနိုင်သည်ဟု ဆိုသည်။ အဆိုပါ ဗျူဟာစာတမ်းကို နွေရာသီအကုန်တွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ Handelsblatt နှင့် တွေ့ဆုံခဲ့သော အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Elbridge Colby ၏ အဆိုအရ ဝါရှင်တန်သည် ပေကျင်းနှင့် ထိပ်တိုက်တွေ့မည့် အလားအလာ အတွက် အဆင်သင့်မဖြစ်သေးသောကြောင့် တရုတ်ကို ထိန်းချုပ်နိုင်ရေး အာရုံစိုက်ရန် လိုအပ်နေသည်ဟု သိရှိရသည်။

အမေရိကန်သည် အရှေ့ဥရောပမှ စစ်သည် ၁၀,၀၀၀ အထိ ရုပ်သိမ်းရန် စဉ်းစားနေကြောင်း NBC News က ဧပြီလတွင် ဖော်ပြခဲ့ပြီးနောက် စစ်တပ် ရုပ်သိမ်းမည့် အလားအလာနှင့် ပတ်သက်သော ကောလာဟလများ မီဒီယာများတွင် ပျံ့နှံ့နေခဲ့သည်။ အမေရိကန်သမ္မတ Donald Trump က နောက်ပိုင်းတွင် စစ်တပ်အင်အား တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းရန် စဉ်းစားနေကြောင်း အတည်ပြုခဲ့သော်လည်း ရုပ်သိမ်းမည့် ပမာဏ၊ အချိန်တို့နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက် မပေးခဲ့ပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂