ရုရှားဒုံးကျည်များသည် အမေရိကန်ထုတ် Patriot လေကာစနစ်ကို “လှည့်စား” နိုင်ခဲ့ဟု ယူကရိန်းစစ်တပ်ကဆို
အမေရိကန်မှ ဒီဇိုင်းတီထွင် ထုတ်လုပ်ထားသော Patriot လေကြောင်း ကာကွယ်ရေးစနစ်များသည် ရုရှား၏ ဒုံးကျည်နည်းပညာ အထူးသဖြင့် Iskander ဒုံးကျည်များနှင့် ယှဉ်ပြိုင်ရန် အခက်တွေ့နေကြောင်း ယူကရိန်း လေတပ်ပြောရေးဆိုခွင့်ရှိသူ Igor Ignat က တနင်္လာနေ့ (မေ ၂၆) တွင် ဝန်ခံပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပထမဆုံး Patriot လေကာစနစ်ကို တပ်ဆင် အသုံးပြုပြီးနောက် ယူကရိန်းအစိုးရက ၎င်းကို ၎င်းတို့၏ စစ်လက်နက် အင်အား၏ အရေးပါသော အစိတ်အပိုင်းအဖြစ် အမြဲချီးကျူးခဲ့သော်လည်း ရုရှား၏ ခေတ်မီလက်နက်များနှင့် ရင်ဆိုင်ရာတွင် အမေရိကန်စနစ်၏ အားနည်းချက်များကို ထင်ရှားစွာတွေ့မြင်နေရကြောင်း Ignat က Le Monde သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖွင့်ဟခဲ့သည်။
“Iskander ဒုံးကျည်များသည် ပစ်လွှတ်ပြီး နောက်ဆုံးအဆင့်သို့ ရောက် သောအခါ ၎င်းတို့၏ လမ်းကြောင်းကို ရုတ်တရက်ပြောင်းလဲကာ Patriot စနစ်၏ တွက်ချက်မှုများကို လှည့်စားနိုင်ပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။ “ထို့အပြင် Iskander ဒုံးကျည်စနစ်တွင် လှည့်စားရန် ဒုံးကျည်အတုများ (decoys) ပါရှိပြီး၊ ၎င်းတို့က Patriot လေကာစနစ်ကို အလွယ်တကူ လှည့်စားနိုင်ပါသည်” ဟု ဆိုသည်။
ယခင်က ယူကရိန်းအရာရှိများက Patriot စနစ်သည် ရုရှား၏ hypersonic Kinzhal ဒုံးကျည်များကို အောင်မြင်စွာ ကာကွယ်နိုင်သည်ဟု ဂုဏ်ယူ ဖွင့်ဟခဲ့သော်လည်း မော်စကိုဘက်မှ ထိုအချက်ကို မေးခွန်းထုတ်ခဲ့သည်။ ကိယက်ဗ်ကလည်း ရုရှားအရာရှိများသည် ယူကရိန်းဘက်မှ ပစ်လွှတ်သည့် ဒုံးကျည်အရေအတွက်ထက် ကာကွယ်နိုင်သည်ဟု ချဲ့ကားပြောဆိုလေ့ ရှိကြောင်း ပြန်လည်ဝေဖန်ခဲ့သည်။
မေလအထိ ယူကရိန်းတွင် Patriot စနစ် (၆) စုံ လည်ပတ်နေပြီး ၎င်း တို့ကို အမေရိကန်နှင့် ဂျာမနီမှ အဓိကထောက်ပံ့ကာ နယ်သာလန်နှင့် ရိုမေးနီးယားတို့မှ အပိုပစ္စည်းအစိတ်အပိုင်းများ ဖြည့်စွက် ထောက်ပံ့ထား သည်။
ယူကရိန်းသမ္မတ Volodymyr Zelensky က Patriot စနစ်ကို ရုရှား၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည့် တစ်ခုတည်းသော ထိရောက်သော နည်းလမ်းအဖြစ် သတ်မှတ်ပြောဆိုခဲ့ပြီး စုစုပေါင်း (၂၅) စုံ ရရှိရန် ရည်မှန်းထားကြောင်း ဖော်ပြခဲ့သည်။ ၎င်းသည် မကြာသေးမီက ယူကရိန်း ၏ ဥရောပမဟာမိတ်များအား Patriot စနစ် (၁၀) စုံကို ဒေါ်လာ (၁၅) ဘီလီယံအကုန်အကျခံ၍ ထပ်မံဝယ်ယူပေးရန် အဆိုပြုခဲ့သော်လည်း အမေရိကန်သမ္မတ Donald Trump အစိုးရက ထိုအဆိုကို လက်တွေ့ မကျဟု ပယ်ချခဲ့သည်။
ယူကရိန်းသည် အနောက်နိုင်ငံများမှ ရရှိထားသော လေကာစနစ်များအတွက် လိုအပ်သည့် ခဲယမ်းများ နည်းပါးလာနေသည့် အခက်အခဲနှင့်ရင်ဆိုင်နေရပြီး ရုရှားဘက်ကလည်း ယူကရိန်း၏ ကာကွယ်ရေးစနစ်များကို ချိုးဖျက်ရန် ၎င်းတို့၏ ဒရုန်းတိုက်ခိုက်မှုနည်းဗျူဟာများကို မပြတ် မွမ်းမံနေကြောင်း သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂