လားရှိုးသို့ မြောက်ပိုင်း (၃) ဖွဲ့ ကြီးစိုးရာဒေသများမှ မြို့ခံများ ပြောင်းရွှေ့ နေထိုင်မှုပိုများလာ

News Image

  • လားရှိုးသို့ မြောက်ပိုင်း (၃) ဖွဲ့ ကြီးစိုးရာဒေသများမှ မြို့ခံများ ပြောင်းရွှေ့ နေထိုင်မှုပိုများလာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို အစိုးရက ပြန်လည် ထိန်းချုပ်ပြီးနောက် TNLA၊ MNDAA၊ KIA ကြီးစိုးရာ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် မန်တုံမြို့မှ ဒေသခံအများအပြား လာရောက် ပြောင်းရွှေ့ နေထိုင်ကြကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။ 

လက်ရှိ မြောက်ပိုင်း(၃)ဖွဲ့ကြီးစိုးရာ ဒေသများတွင် AA အဖွဲ့ဝင်များ ယခင်ထက် ပိုမိုများပြားလာကြောင်း ဒေသခံတစ်ဦးက NP News သို့ ပြောသည်။ “အရင် ကွတ်ခိုင်မှာ AA က အုံနဲ့ကျင်းနဲ့ မရှိဘူး။ ခုက AA တွေပိုများလာတယ်။ AA ၊ ပလောင်၊ ကိုးကန့်ရယ် KIA တွေ ခြေရှုပ် နေကြသလို AA ပါ ပါလာတော့ သူတို့ချင်းအဝေမတည့်ကြဘူး။ ကွတ်ခိုင်မှာ အဖွဲ့အစည်းတွေများလာသလို ပြည်သူတွေကလည်းကြောက်နေရတယ်။ အရင်ထက်ကို အဖွဲ့အစည်း ပိုများလာတယ်။ အဖွဲ့အစည်းများတော့ မြို့ခံတွေမနေရဲကြလို့ တိတ်တိတ်လေးပြောင်း ကြတာတွေရှိတယ်။ လားရှိုးဘက်ကိုပြောင်းကြသလို တခြားနယ်ပယ် တွေကို ပြောင်းကြတယ်” ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။

 ထို့ပြင် TNLA၊ MNDAA၊ KIA အဖွဲ့များအနေဖြင့် ၎င်းတို့အချင်းချင်း နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှုများကိုလည်း ယခုနောက်ပိုင်းပိုမို လုပ်ဆောင်လာသည့်အတွက် ဒေသခံများက နေရပ်စွန့်ခွာကာ တပ်မတော် ထိန်းချုပ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း သိရသည်။ 

“လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အနေအထားက TNLA၊ MNDAA၊ KIA ပေါ့နော်။ နယ်မြေခွဲဝေမှုတွေနဲ့ မတည့်ကြဘူး။ နယ်မြေ အငြင်းပွားမှု နောက်မှာ စစ်သားစုဆောင်းခြင်းခံရတဲ့ ကိစ္စရပ်တွေလည်း ဖြစ်လာပါတယ်။ စစ်သားသစ်ကိုလည်း ရတဲ့နည်းနဲ့ လူစုနေတာ။ ဒေသခံတွေလည်း အများစုက လားရှိုးကို ပြောင်းကြတယ်။ တော်တော်များများက ပြောင်းနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် လားရှိုးမြို့၌ TNLA၊ MNDAA၊ KIA ကြီးစိုးရာ ဒေသများမှ ဒေသခံအများအပြား လာရောက်ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား- NP News