ရုရှား-ယူကရိန်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးပြီးနောက် ပထမအသုတ် စစ်သုံ့ပန်းအများအပြား လဲလှယ်

News Image

  • ရုရှား-ယူကရိန်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးပြီးနောက် ပထမအသုတ် စစ်သုံ့ပန်းအများအပြား လဲလှယ်

ရုရှား-ယူကရိန်း နှစ်ဖက်သည် မေ ၁၆ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန် ဘူလ်မြို့ စစ်သုံ့ပန်းလဲလှယ်မှု သဘောတူညီချက် ရရှိပြီးနောက် စစ်သုံ့ပန်း အများအပြားလဲလှယ်သည့် ပထမအဆင့်လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၃ ရက်တွင် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှားစစ်သည် ၂၇၀ ဦးနှင့် အရပ်သား ၁၂၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှားက ယူကရိန်းသို့ ယူကရိန်းစစ်သုံ့ပန်း ၂၇၀ ဦးနှင့် အရပ်သား ၁၂၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံသို့ ပြန်လာရန် လဲလှယ်ထားသည့် ရုရှားဘက်က လူပုဂ္ဂိုလ် များသည် ဘယ်လာရုဇ်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆေးကုသမှု အကူအညီများ ခံယူလျက်ရှိကြောင်း သိရသည်။

ရုရှား-ယူကရိန်း သုံ့ပန်းအများအပြား လဲလှယ်မှုအစီအစဉ်သည် လာမည့် ရက်ပိုင်းများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံသည် မေ ၁၆ ရက်က အစ္စတန်ဘူလ်မြို့၌ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ တိုက်ရိုက်ဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့ရာ နှစ်ဖက်အနေဖြင့် စစ်သုံ့ပန်း ထောင်ချီလဲလှယ်မည့် သဘောတူညီချက် ရရှိခဲ့သည်။ 

ကိုးကား- Xinhua