ကနေဒါနိုင်ငံက အမေရိကန်၏ ၅၁ ခုမြောက်ပြည်နယ်ဖြစ်လျှင် ရွှေကွန်ချာဖြင့် အခမဲ့ကာကွယ်ပေးမည်ဟု ထရမ့်ပြော
ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာပါက ရွှေကွန်ချာဒုံးကျည် ကာကွယ်ရေးစနစ်ဖြင့် အခမဲ့ကာကွယ်မှုပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်တွင်ပြောသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရွှေကွန်ချာဒုံးကျည် ကာကွယ်ရေးစနစ်၌ ကနေဒါနိုင်ငံ ပါဝင်လာစေရန် အစိုးရနှစ်ရပ်ကြား ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု ကနေဒါဝန်ကြီးချုပ်မာ့ကာနေး က မေလ ၂၁ ရက်တွင် ပြောလာခြင်းဖြစ်သည်။
“ကျွန်တော့်အနေနဲ့ ကနေဒါကို ပြောထားတာရှိပါတယ်။ ဒေါ်လာ ၆၁ ဘီလီယံ ကုန်ကျမယ့် ရွှေကွန်ချာစနစ်မှာ ပါဝင်လိုတယ်ဆိုရင် ငွေတစ်ပြားမှ ကုန်စရာမလိုပါဘူး။ တကယ်လို့ သူတို့အနေနဲ့ အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ် ဖြစ်လာမယ်ဆိုရင်ပေါ့”ဟု ထရမ့်ကလူမှုကွန်ရက် တွင် ရေးထားသည်။
ဒေါ်နယ်ထရမ့်သည် ကနေဒါနိုင်ငံကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်လာစေရေးအတွက် မကြာခဏ ဆိုသလို သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုထားသူဖြစ်သည်။
မေလ ၆ ရက်တွင် ထရမ့်နှင့်ကာနေးတို့တွေ့ဆုံစဉ် ကနေဒါနိုင်ငံက ရောင်းကုန်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ရောင်းချသွားမည် မဟုတ်ကြောင်း ကာနေးကပြောဆိုစဉ် ထရမ့်က “အချိန်က စကားပြောပါလိမ့်မယ်” ဟုတုံ့ပြန်ထားသည်။
ယင်းနောက် ရွှေကွန်ချာကာကွယ်ရေး စနစ်တွင် ကနေဒါနိုင်ငံ ပါဝင်လိုသည်ဟူသော ကနေဒါအစိုးရ၏ ပြောဆိုချက်ကို ထရမ့်က ယခုကဲ့သို့ပြန်လည် တုံ့ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal