ဂျာမနီဦးဆောင်မှုကြောင့် စစ်ပွဲအရှိန်မြင့်လာနိုင်သည့် အခြေအနေကို ကရင်မလင် သတိပေး

News Image

  • ဂျာမနီဦးဆောင်မှုကြောင့် စစ်ပွဲအရှိန်မြင့်လာနိုင်သည့် အခြေအနေကို ကရင်မလင် သတိပေး

မော်စကို၏ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က အင်္ဂါနေ့ (မေ ၂၇) တွင် ဂျာမနီထုတ် တာ‌ဝေးပစ် လက်နက်များ အသုံးပြု၍ ရုရှားကိုတိုက်ခိုက်ရန် ဘာလင်မှ ယူကရိန်းအား ခွင့်ပြုလိုက်ခြင်းကို“ပြင်းထန်သော စစ်ပွဲအရှိန်မြင့်တက်စေမှု” လက္ခဏာအဖြစ် သတ်မှတ်ကြောင်း သတိပေးခဲ့သည်။

အင်္ဂါနေ့ (မေ ၂၇) တွင် ထုတ်ပြန်ခဲ့သည့် “ယခုအခါ အနောက်နိုင်ငံများမှ ထောက်ပံ့ထားသော လက်နက်များကို ယူကရိန်းက ရုရှားစစ်ရေး ပစ်မှတ်များအပေါ် အသုံးပြုရာတွင် အကွာအဝေးကန့်သတ်ချက်များ မရှိတော့ပါ” ဟူသော ဂျာမနီဝန်ကြီးချုပ် ဖရီဒရစ်မာ့ဇ်၏ ကြေညာချက် ကို ပက်စကော့ဗ်က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“မာ့ဇ်၏ပြောဆိုချက် အမှန်ဖြစ်ပါက ၎င်းသည် စစ်ပွဲအရှိန်မြင့်တက်စေမှုတစ်ရပ်ဖြစ်ပြီး ယခုလအစောပိုင်းက ရုရှားနှင့် ယူကရိန်းအကြား သုံးနှစ် အတွင်း ပထမဆုံးသော တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဖြေရှင်းမှုကြိုးပမ်းချက်များကို အကြီးအကျယ် ထိခိုက်စေမည်” ဟု ပက်စကော့ဗ်က ပြောကြားခဲ့သည်။

မာ့ဇ်က တနင်္လာနေ့ (မေ ၂၆) တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်မှ ဒုံးကျည်များကို ရုရှားစစ်ရေးပစ်မှတ်များအပေါ် ပထဝီ ဆိုင်ရာ ကန့်သတ်ချက်မရှိ အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ မှတ်ချက်များသည် မူဝါဒသစ်တစ်ရပ် ထုတ်ပြန်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပြီး ၎င်း၏ ညွန့်ပေါင်းအဖွဲ့အတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဂျာမနီဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil က ယခင်အစိုးရမှ သတ်မှတ်ထားသော ကန့်သတ်ချက်များအပြင် ဂျာမနီလက်နက်များအသုံးပြုသည့် ယူကရိန်းတိုက်ခိုက်မှုများ၏ အကွာအဝေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အသစ်များ မချမှတ်ရ သေးကြောင်း ပြောကြားခဲ့သည်။

မာ့ဇ်၏ ညွန့်ပေါင်းအဖွဲ့ဝင်ဖြစ်သော SPD ပါတီဝင် Ralf Stegner က ထိုပြောကြားချက်များသည် အထောက်အကူမဖြစ်စေသော စကားများဖြစ်ပြီး သံတမန်ရေးရာကို ပိုမိုအာရုံစိုက်ရန် တောင်းဆိုခဲ့သည်။

ယူကရိန်းတွင် အသုံးပြုနေသည့် ဥရောပထုတ်လက်နက်များအပေါ် ကန့်သတ်ချက်များ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို လွန်ခဲ့သောလများကပင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက ပြည်သူများအား ပိုမိုရှုပ်ထွေးစေပြီး ဂျာမနီ ထုတ် Taurus ခရူးဇ်ဒုံးကျည်များ ယူကရိန်းသို့ ပေးပို့နိုင်ခြေနှင့်ပတ်သက်၍ အချေအတင်အငြင်းပွားမှုများ ထပ်မံဖြစ်ပွားနေကြောင်း မာ့ဇ်က နောက်ပိုင်းတွင် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ကီလိုမီတာ ၅၀၀ အထိ ပစ်လွှတ်နိုင်သော ထိုဒုံးကျည်များသည် ရုရှားမြို့တော် အပါအဝင် ရုရှားနယ်မြေအတွင်းပိုင်းအထိ ထိမှန်နိုင်သည်။ မော်စကိုက ထိုကဲ့သို့သော လက်နက်များ ထောက်ပံ့ပါက ဂျာမနီသည် ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်သူဖြစ်လာမည်ဟု သတိပေးထားသည်။

ပက်စကော့ဗ်က ယူကရိန်း၏ အနောက်တိုင်းထောက်ပံ့သည့် လက်နက်များ အသုံးပြုမှုတွင် မည်သည့်ပြောင်းလဲမှုမဆို တရားဝင် အတည်ပြုချက်နှင့် အမေရိကန်နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ထောက်ပြခဲ့ပြီး ၎င်းသည် ကာကွယ်ရေးဆိုင်ရာ အစိတ်အပိုင်းများ၏ ပေါင်းစပ်ထားသော သဘော သဘာဝကြောင့်ဖြစ်သည်။

“ဥရောပထုတ် မည်သည့်လက်နက်တွင်မဆို အမေရိကန်ထုတ် အပိုပစ္စည်းများ ပါဝင်နေပါသည်။ စစ်နှင့်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စည်းမျဉ်းများအရ အမေရိကန်ထုတ် ချစ်ပ်များ တပ်ဆင်ထားသောပြင်သစ်ဒုံးကျည်ကို အသုံးပြုရန် ခွင့်ပြုချက်ရယူရမည်” ဟု ၎င်းက ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂