လစ်သူယေးနီးယားက ဘယ်လာရုစ်ကို ယူရို သန်း ၂၀၀ လျော်ကြေးပေးရန် တရားစွဲဆို
လစ်သူယေးနီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်က ဘယ်လာရုစ်နိုင်ငံမှ တမင်တကာ ဖန်တီးခဲ့သည်ဟု စွပ်စွဲထားသော ရွှေ့ပြောင်းအခြေချသူများ အကျပ်အတည်းကြောင့် ဘယ်လာရုစ်ထံမှ ယူရိုငွေ သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၂၇ သန်း) လျော်ကြေးတောင်းဆိုလိုက်ကြောင်း ဒေသခံသတင်းဌာန BNS က ဖော်ပြသည်။
ထိုအရေးပေါ်အခြေအနေမှာ ၂၀၂၁ ခုနှစ်က အီးယူသို့ ဝင်ရောက်ရန် ကြိုးစားနေသော အရှေ့အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချသူများအတွက် ဘယ်လာရုစ်နိုင်ငံသည် အဓိက ဖြတ်သန်းရာ လမ်းကြောင်းဖြစ်လာစဉ် စတင်ခဲ့သည်။ ပိုလန်နိုင်ငံသည် အဆိုးရွားဆုံး ထိခိုက်ခံရသော်လည်း လတ်ဗီယားနှင့် လစ်သူယေးနီးယားနိုင်ငံများကိုလည်းသက်ရောက်မှုရှိခဲ့သည်။ ဘယ်လာရုစ်အစိုးရက တရားမဝင်နယ်စပ် ဖြတ်ကျော်မှုကို အားပေးခဲ့သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုကာ အီးယူ နိုင်ငံများက ခိုလှုံခွင့်တောင်းသူများအား မလျော်ကန်စွာ ဆက်ဆံခဲ့သည် ဟု ပြန်လည်စွပ်စွဲခဲ့သည်။
BNS ၏ တနင်္လာနေ့ (မေ ၂၆) ထုတ်သတင်းတွင် လစ်သူယေးနီးယား တရားရေးဝန်ကြီးဌာနကို ကိုးကား၍ လစ်သူယေးနီးယားသည် ဘယ်လာရုစ် နိုင်ငံအား နိုင်ငံတကာတရားရုံး (ICJ) တွင် မကြာသေးမီက တင်သွင်း ခဲ့သောအမှုတွင် နယ်စပ်ကို စနစ်တကျထိန်းချုပ်ရန် ပျက်ကွက်ခြင်းဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု စွဲချက်တင်ထားကြောင်း ဖော်ပြသည်။
“လစ်သူယေးနီးယားသမ္မတနိုင်ငံ၏ တရားစွဲဆိုမှုတွင် လျော်ကြေးတောင်းဆိုမည်ဖြစ်ပြီး ကနဦးခန့်မှန်းခြေ ပျက်စီးဆုံးရှုံးမှုမှာ ယူရိုသန်း ၂၀၀ ကျော်ကြောင်း” ဝန်ကြီးဌာနက BNS သို့ ပြောကြားခဲ့သည်။ ထို ပမာဏသည် ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် အတွင်း ပြည်တွင်း အာဏာပိုင် များ၏ သုံးစွဲမှုများကို ထင်ဟပ်စေပြီး ပြန်လည်သုံးသပ်နိုင်သည်ဟု ဖော်ပြ ခဲ့သည်။
တရားစွဲဆိုမှုတွင် ဖော်ပြထားသော ကုန်ကျစရိတ်များ၌ အတားအဆီး များတည်ဆောက်ခြင်း၊ စောင့်ကြည့်စနစ်များ အဆင့်မြှင့်တင်ခြင်းနှင့် နယ်စပ်သို့ လူအင်အား အမြောက်အမြား ချထားခြင်းတို့ ပါဝင်သည်။
၂၀၂၁ ခုနှစ်တွင် လစ်သူယေးနီးယား၊ လတ်ဗီယားနှင့် ပိုလန်နိုင်ငံတို့သည် အရေးပေါ်အခြေအနေကြေညာကာ နယ်စပ်အတားအဆီးများ တည်ဆောက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ ပိုလန်နိုင်ငံသည်လည်း လစ်သူယေးနီးယား ၏ တရားစွဲဆိုမှုတွင် ပူးပေါင်းပါဝင်ရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂