ထရမ့်၏ ယူကရိန်းဆိုင်ရာ သံတမန်က Medvedev ၏ တတိယကမ္ဘာစစ် ပြောဆိုချက်ကို မဆင်မခြင်ပြောဆိုခဲ့မှုအဖြစ် ရှုတ်ချ

News Image

  • ထရမ့်၏ ယူကရိန်းဆိုင်ရာ သံတမန်က Medvedev ၏ တတိယကမ္ဘာစစ် ပြောဆိုချက်ကို မဆင်မခြင်ပြောဆိုခဲ့မှုအဖြစ် ရှုတ်ချ

ယူကရိန်းဆိုင်ရာ အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Keith Kellogg က ရုရှားသမ္မတဟောင်း Dmitry Medvedev ၏ အမေရိကန် နှင့်တင်းမာမှုများသည် တတိယကမ္ဘာစစ်အထိ ပြင်းထန်နိုင်သည်ဆိုသော ပြောဆိုချက်များအား တင်းမာမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်သည် ဟု စွပ်စွဲခဲ့သည်။ 

ရုရှား လုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာသည့် Medvedev သည် အမေရိကန်သမ္မတ Donald Trump ၏ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

Kellogg က “တတိယကမ္ဘာစစ်အကြောင်း ပြောဆိုမှုသည် Medvedev ၏မဆင်မခြင်ပြောဆိုသော စကားဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု နှင့် မလျော်ညီပါ” ဟု ဗုဒ္ဓဟူးနေ့ (မေ ၂၈) က X တွင် ရေးသားခဲ့သည်။ ၎င်းက ဆက်လက်၍ “သမ္မတ Trump သည် ယူကရိန်းစစ်ပွဲကို ရပ်တန့် နိုင်ရန်နှင့် ထိခိုက်သေကြေမှုများကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်” ဟု ဖြည့်စွက်ခဲ့သည်။

Kellogg က အမေရိကန်သည် ရုရှား၏ စစ်ပြေငြိမ်းရေး အခြေအနေများကို ဖော်ပြထားသော ငြိမ်းချမ်းရေး အဆိုပြုချက်တင်သွင်းမှုကို စောင့်မျှော်နေကြောင်း ပြောကြားခဲ့သည်။ ယင်းသည် ယခုလ အစောပိုင်း က အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သည့်အတိုင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

Medvedev က Trump ၏ လူမှုမီဒီယာပေါ်မှ ရေးသားမှုတစ်ခုကို တုံ့ပြန် ခဲ့ခြင်းဖြစ်ပြီး ထိုပို့စ်တွင် Trump က ရုရှားသမ္မတ Vladimir Putin အား “မီးနှင့်ကစားနေသည်” ဟု စွပ်စွဲခဲ့ပြီး ၎င်း၏ကိုယ်ပိုင်အားထုတ်မှုမရှိပါက “ရုရှားအတွက် အလွန်ဆိုးရွားသောအရာများ ဖြစ်ပျက်နိုင်သည်” ဟု ဆို ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂