ဇီလန်စကီးသည် သမ္မတ Trump နှင့် Putin တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အဆိုပြုခဲ့
ဇီလန်စကီးက ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြှင့်တင်ရန် သမ္မတ Trump နှင့် သမ္မတ Putin တို့နှင့် သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ကျင်းပရန် အဆိုပြုခဲ့ကြောင်း သိရှိရသည်။
“ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နှစ်နိုင်ငံအဆင့် တွေ့ဆုံမှုကို အဆင် မပြေဖြစ်နေလျှင်သော်လည်းကောင်း (သို့မဟုတ်) ပြည်သူများက သုံးနိုင်ငံ အဆင့် တွေ့ဆုံမှုဖြစ်စေချင်လျှင်သော်လည်းကောင်း မိမိဘက်က အခက်အခဲ မရှိပါ။ မိမိတို့အနေဖြင့် ခေါင်းဆောင်အဆင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့် ဖြစ်နေပါပြီ။ အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံလုံး ထိုအချက်ကို ကောင်းစွာသိထားပါသည်” ဟု ယူကရိန်းသမ္မတ ဇီလန်စကီးက မေလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းခေါင်းဆောင်၏ ပြောကြားချက်အရ၊ Mr. Trump၊ Mr. Putin နှင့် ၎င်းအကြား တွေ့ဆုံမှုအတွက် ၎င်းအနေဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး အမေရိကန်အား ရုရှား၏ ဘဏ်လုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများကို ပြင်းထန်သော ဒဏ်ခတ်မှုအစီအမံများ ချမှတ်ရန် တိုက်တွန်းခဲ့သည်။
“အမေရိကန်ဘက်က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရန် မိမိတို့စောင့် မျှော်နေပါသည်။ သမ္မတ Trump က ရုရှားအနေဖြင့် စစ်ရေးလုပ်ရပ်များ ရပ်တန့်ခြင်းမရှိပါက ဒဏ်ခတ်မည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ ပါသည်။ ထရမ့်နှင့် မိမိတို့ အဓိကနယ်ပယ်နှစ်ခုကို ဆွေးနွေးခဲ့ပါသည် - စွမ်းအင်နှင့် ဘဏ်စနစ်ပါ။ အမေရိကန်က ဒီနယ်ပယ်နှစ်ခုမှာ ရုရှားကို ဒဏ်ခတ်နိုင်မလား? ဆိုသည်ကို အများကြီးမျှော်လင့်ထားပါသည် ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။
စစ်မြေပြင်အခြေအနေနှင့်ပတ်သက်၍ ယူကရိန်းခေါင်းဆောင်က ရုရှား တပ်များသည် အရှေ့မြောက်ဘက် Sumy ခရိုင်နယ်စပ်တစ်လျှောက် စစ်မျက်နှာတွင် စစ်သား ၅ သောင်းကျော်ကို တပ်ဖြန့်နေရာချထားပြီး ကျေးရွာအချို့ကို ထိန်းချုပ်ထားကြောင်း ဖော်ပြခဲ့သည်။ ၎င်းက လွန်ခဲ့သည့် သီတင်းပတ်က Putin နှင့် Trump တို့ဖုန်းဖြင့်ဆွေးနွေးပြောဆိုပြီးနောက် ရုရှားကတိပြုခဲ့သည့်အတိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်မော်စကို၏တောင်းဆိုချက်များပါသည့် အဆိုပြုချက်ကို ယူကရိန်း ဘက်က မရရှိသေးကြောင်း အတိအလင်းပြောကြားခဲ့သည်။
ပူတင်သည် ယခုလအစောပိုင်းတွင် ဇီလန်စကီး၏ တူရကီနိုင်ငံတွင် တွေ့ဆုံရန် အဆိုပြုချက်ကို ငြင်းပယ်ခဲ့သည်။ ကရင်မလင်က အချို့သော သဘောတူညီချက်များရရှိပြီးမှသာ အစည်းအဝေးကျင်းပမည်ဟု ဆိုသည်။ ထိုအတောအတွင်း အမေရိကန် သမ္မတက စစ်ရေးပဋိပက္ခကို အဆုံးသတ်ရန် သဘောတူညီချက်မရရှိသည့်အတွက် နိုင်ငံနှစ်နိုင်ငံ၏ ခေါင်းဆောင်များအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂