မော်စကိုနှင့် ကိယက်ဗ်တို့ သမိုင်းတစ်လျှောက်အကြီးမားဆုံး အကျဉ်းသား လဲလှယ်ရေးကို သဘောတူညီခဲ့ကြောင်း ရုရှားကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်ပြောကြား

News Image

  • မော်စကိုနှင့် ကိယက်ဗ်တို့ သမိုင်းတစ်လျှောက်အကြီးမားဆုံး အကျဉ်းသား လဲလှယ်ရေးကို သဘောတူညီခဲ့ကြောင်း ရုရှားကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်ပြောကြား

ရုရှားနှင့် ယူကရိန်းတို့သည် သမိုင်းတစ်လျှောက်အကြီးဆုံး အကျဉ်းသား လဲလှယ်ရေးအတွက် သဘောတူညီမှုရရှိခဲ့ကြောင်း မော်စကို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗလာဒီမာ မက်ဒင်စကီးက အစ္စတန်ဘူလ်တွင် ဒုတိယ အကြိမ် ဆွေးနွေးပွဲပြီးဆုံးချိန် တနင်္လာနေ့ (ဇွန် ၂) ၌ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားရာတွင် မက်ဒင်စကီးက အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းအားလုံးကို လဲလှယ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“လဲလှယ်မည့် အရေအတွက်သည် တစ်ဖက်လျှင် အနည်းဆုံး ၁,၀၀၀ ဦး ဖြစ်ပြီး ပိုမိုများပြားနိုင်သည်” ဟု ၎င်းက ဆိုခဲ့ပြီး ထိုကိန်းဂဏန်းများကို နောက်ဆုံးသတ်မှတ်ဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

မက်ဒင်စကီး၏ ပြောကြားချက်အရ ရုရှားဘက်မှ လာမည့်သီတင်းပတ်တွင် ယူကရိန်းစစ်သား ၆,၀၀၀ ၏ အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ် နိုင်ရန် ကိယက်ဗ်သို့ တစ်ဖက်သက် လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

သဘောတူညီချက်စာတမ်းနှင့်ပတ်သက်၍ မက်ဒင်စကီးက ရုရှားဘက်မှ ယူကရိန်းသို့ အသေးစိတ် အပိုင်းနှစ်ပိုင်းပါဝင်သော ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပထမအပိုင်းတွင် စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အာရုံစိုက်ထားပြီး၊ ဒုတိယအပိုင်းတွင် အပြည့်အဝ စစ်ပြေငြိမ်းရေး လုပ်ငန်းစဉ်အတွက် အဆင့်များနှင့် ရွေးချယ်စရာလမ်းကြောင်းများကို ဖော်ပြထားသည်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် စာတမ်းကိုသုံးသပ်ရန် ယူဆောင်သွားပြီး အကဲဖြတ်မှုပြီးဆုံးပါက တုံ့ပြန်ချက်ကို ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော စစ်သည် များအတွက် နိုင်ငံရေး ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းရန်မလိုအပ်ဘဲ လဲလှယ်မှုစာရင်းများ ပြုစုရာတွင် ကူညီရန်အတွက် ရုရှားနှင့် ယူကရိန်း တို့က ဆေးဘက်ဆိုင်ရာကော်မရှင်များ ထူထောင်ရန် သဘောတူခဲ့ကြောင်း Medinsky က ပြောကြားခဲ့သည်။ လဲလှယ်မှုများကို လုပ်ရိုးလုပ်စဉ် ပုံစံ အတိုင်း ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂