“သတင်းအတု” နှင့် စပ်လျဉ်း၍ “The Wall Street Journal” ကို တရားစွဲမည်ဟု ထရမ့် ဆို
အမေရိကန် သမ္မတ ထရမ့်က ၎င်းသည် ဂျက်ဖရီ အက်ပ်စတင်းအမှုနှင့် ဆက်စပ်မှုမရှိကြောင်း ဇူလိုင် ၁၇ ရက်က ထပ်မံငြင်းဆိုခဲ့ပြီး အမေရိကန် “The Wall Street Journal” ၏ “ထရမ့်မှ ဂျက်ဖရီ အက်ပ်စတင်းထံ ပေးစာ” သတင်းနှင့် စပ်လျဉ်း၍ ယင်းမှာ “သတင်းအတု” ဖြစ်ကြောင်း၊ ပေးစာမှာ အတုအယောင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အဆိုပါ “ရွံစရာကောင်း ညစ်ပတ်သည့် အသေးစားသတင်းစာဌာန” ကို တရားစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ထရမ့်မှ ဂျက်ဖရီ အက်ပ်စတင်းထံ ပေးစာ” ဟူသည်မှာ လုံးဝ အတုအယောင် သာ ဖြစ်ကြောင်း ၎င်းနှင့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတို့သည် “The Wall Street Journal” အယ်ဒီတာချုပ် Emma Tucker ကို တိုက်ရိုက် အသိပေးခဲ့သော်လည်း ယင်းနှင့် ပတ်သက်ပြီး Tucker က လုံးဝ နားမထောင် ခဲ့ကြောင်း ထရမ့်က ဆိုရှယ်မီဒီယာတွင် စာအရှည်ရေးသား၍ ဖော်ပြခဲ့ သည်။
“The Wall Street Journal” က အဆိုပါအတုအယောင်၊ အပုတ်ချ၊ အသရေဖျက်မှုမြောက်သည့်ဆောင်းပါးကို ဆက်လက်ထုတ်ဝေနေရာ သမ္မတ ထရမ့်က မကြာမီတွင် “Wall Street Journal”၊ News Corporation နှင့် Mr. (Rupert) Murdoch ကို တရားစွဲမည်ဟူ၍ ရေးသားဖော်ပြ ခဲ့သည်။ “The Wall Street Journal” သည် News Corporation လက်အောက်ရှိ သတင်းစာဖြစ်ပြီး အဆိုပါ Corporation ကို Mr. Rupert Murdoch က စီမံခန့်ခွဲခြင်းဖြစ်သည်။ ထရမ့်က အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး Tucker ကို တိုက်ရိုက် သတိပေးခဲ့ဖူးကြောင်း၊ “Murdoch က အဆိုပါဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးမည်ဟု ထိုအချိန်တုန်းက ပြောခဲ့သော်လည်း ၎င်းမှာ လုပ်ပိုင်ခွင့်မရှိဘူးဆိုသည်မှာ ရှင်းလင်းပါသည်” ဟူ၍ ၎င်းက ပို့စ်တွင် ရေးသားထားသည်။
“The Wall Street Journal” က ထိုကဲ့သို့ “အသရေဖျက် မုသားစကား” များကို ဖြန့်ဝေခြင်းက ၎င်းသည် “ရွံစရာကောင်းပြီး ညစ်ပတ်သည့် အသေးစားသတင်းစာဌာန” ဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟုလည်းထရမ့်က ဆိုခဲ့သည်။ အကယ်၍ ဂျက်ဖရီ အက်ပ်စတင်းနှင့် ၎င်း ပတ်သက်မှု ရှိပါက ဒီမိုကရက်တစ်ပါတီဝင်များသည် သက်ဆိုင်ရာသက်သေ အထောက် အထားများကို အစောကြီးကတည်းက ဖော်ထုတ်မည်ဖြစ်ကြောင်း၊ “ထို အချက်အလက်တွေက မှတ်တမ်းတွေထဲမှာ ဖုန်တက်နေမှာမဟုတ်ဘူး” ၊ “ဒါက သတင်းအတုထဲက နောက်ထပ်တစ်ခုပဲ” ဟူ၍ ၎င်းက ပြောကြား ခဲ့သည်။ ၂၀၀၃ ခုနှစ် အက်ပ်စတင်း အသက် ၅၀ ပြည့်မွေးနေ့တွင် လက်ခံ ရရှိသော ဂုဏ်ပြုစာ တစ်စောင်တွင် ထရမ့်၏ လက်မှတ်ပါရှိကြောင်း “The Wall Street Journal” က သတင်းဖော်ပြခဲ့သည်။
အက်ပ်စတင်းသည် အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး နာမည်ကျော် အများအပြားနှင့် နီးကပ်စွာ အဆက်အသွယ်ရှိသောကြောင့် လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အကျဉ်းထောင်၌ ကွယ်လွန်ခဲ့ပြီး “မိမိကိုယ်ကို အဆုံးစီရင်မှု” ဖြစ်သည် ဟု ချမှတ်ခဲ့သည်။
ထရမ့် လွန်ခဲ့သည့်နှစ် ရွေးကောက်ခံသမ္မတဖြစ်စဉ်ကာလတွင် အက်ပ်စတင်း ၏ “ဖောက်သည်နာမည်စာရင်း” ၊ အက်ပ်စတင်း၏ ပြစ်မှုနှင့် ၎င်းသေဆုံးမှု နောက်ကွယ်က အဖြစ်မှန်ကို ဖော်ထုတ်မည်ဟု ကတိပေးခဲ့ဖူးသည်။
အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI က ယခုလ ၇ ရက်တွင် ထုတ်ပြန်သော ပူးတွဲစာချွန်လွှာတွင် “ဖောက်သည်နာမည်စာရင်း” မရှိ၍ အက်ပ်စတင်းအမှုနှင့် ပတ်သက်သည့် နောက်ထပ်စာရွက်စာတမ်းများ ထုတ်ပြန်မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါကောက်ချက်ချမှု သည် ထရမ့်အုပ်စုအတွင်း သံသယနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ထရမ့်သည် လတ်တလောတွင် ယင်းနှင့် ပတ်သက်၍ အကြိမ်ကြိမ် ပြောဆို ခဲ့သည်။
ကိုးကား- Xinhua Myanmar