ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရ

News Image

  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရ

ဖားကန့်မြို့နယ်၊ လုံခင်း ကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ဇွန်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက ယမ်းဂိုထောင် ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရခဲ့ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ ကနဦး သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ နေ့လယ်ပိုင်း ၁ နာရီကျော်အချိန်ခန့်က လုပ်ကွက်ဟောင်းတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယမ်းဂိုထောင် ပေါက်ကွဲသည့်အတွက် အသံကို ကျယ်လောင်စွာ ကြားခဲ့ရကြောင်း သိရသည်။

“လူကတော့ ထိခိုက်မှုရှိတယ်။ ကျွန်တော် သိသလောက်ကတော့ သုံးယောက် သေတယ် ဆယ်ယောက်လောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒဏ်ရာရက အဲဒီထက် ပိုများနိုင်တယ်။ အခြေအနေကတော့ မသိရသေးဘူး။ ပေါက်တာက ယမ်းဂိုထောင်ပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူ သုံးဦး အနက် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း ကနဦးသိရှိရပြီး ပေါက်ကွဲအားမှာ ပြင်းထန်ခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများအား ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ကိုးကား- NP News