အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည် မြန်မာ - တရုတ် သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံ မီဒီယာဆွေးနွေးပွဲ အခမ်းအနားကျင်းပ
အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည် မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် China Media Group(CMG) တို့ပူးပေါင်း၍ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ယခုနှစ်သည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် စိန်ရတုကာလဖြစ်သဖြင့် နှစ်နိုင်ငံအတွက် ထူးခြားလေးနက်မှုရှိပါ ကြောင်း၊ ယနေ့ပြုလုပ်သည့် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ဖြစ်သော “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” ဆိုသည့်အတိုင်း နှစ်နိုင်ငံမီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မြဲအောင် ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မကြာမီက မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှ မီဒီယာများက ကမ္ဘာအနှံ့သိရှိအောင် အချိန်နှင့်တစ်ပြေးညီ မျှဝေပေးခဲ့ သည့်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် များစွာအထောက်အပံ့ ဖြစ်ခဲ့ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ရင်းနှီးခင်မင်သော ကူးလူးဖလှယ်မှုများ ရှိနေပြီဖြစ်ပါကြောင်း၊ တိုးတက်လာသည့် နည်းပညာများနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် မီဒီယာကဏ္ဍကို ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံဆက်ဆံမှု ခိုင်မြဲရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်သွားကြမည်ဖြစ်ပြီး အေးအတူ ပူအမျှအသိုက်အဝန်းပုံသဏ္ဌာန်ဖြင့် ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် မီဒီယာ၏ အခန်းကဏ္ဍကို အလေးထားပါကြောင်း၊ မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲကို သုံးလတစ်ကြိမ် ကျင်းပလေ့ရှိပါကြောင်း၊ နှစ်စဉ် မြန်မာမီဒီယာမိတ်ဆွေ များကို တရုတ်နိုင်ငံလေ့လာရေးခရီးစဉ်နှင့် မွမ်းမံသင်တန်းများ စီစဉ်ပေးပြီး မြန်မာ့နယ်ပယ်အသီးသီးသို့ စစ်မှန်သည့် တရုတ်နိုင်ငံ၏ ပုံစံကိုပြသလျက်ရှိပါကြောင်း၊ နောက်ပိုင်းတွင်လည်း တရုတ်သံရုံးက နှစ်နိုင်ငံမီဒီယာမိတ်ဆွေများ ကူးလူးဖလှယ် ဆွေးနွေးပွဲများကို ပိုမိုကျင်းပပေးပြီး တရုတ်ယဉ်ကျေးမှု၏ ဝိသေသလက္ခဏာများနှင့် ဆွဲဆောင်မှု၊ တရုတ်ပြည်သူများ၏ ခင်မင်ရင်းနှီးမှုနှင့် ရိုးသားမှုတို့ကို မြန်မာမိတ်ဆွေများ လက်တွေ့ခံစားရစေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် “အရေးပေါ်အခြေအနေများအတွင်း မြန်မာ-တရုတ် မီဒီယာပူးပေါင်းဆောင်ရွက်မှု များသည် တူညီသော အနာဂတ်များရှိသည့် မြန်မာ-တရုတ်အသိုက်အဝန်း၏ အနှစ်သာရအဓိပ္ပာယ်ကို ဖော်ကျူးခြင်း” ခေါင်းစဉ်၊ “ငလျင်အလွန် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု သတင်းများရယူရေးအတွက် မီဒီယာပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာ” ခေါင်းစဉ်နှင့် “မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် သဘောထား၍ တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု (သံတမန်ဆက်ဆံရေး၊ မီဒီယာကဏ္ဍ) အတွက် အခွင့်အလမ်း အသစ်များယူဆောင်လာပေးခြင်း” ခေါင်းစဉ်တို့ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ နှင့် China Media Group တို့မှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
MOI