ဘိုင်ကိုနောအာကာသစခန်းကို အသုံးပြုနိုင်ရေးက အဓိကဦးစားပေး ကိစ္စရပ်ဖြစ်ဟု ဗလာဒီမာပူတင်ပြော
ကာဇက်စတန်ရှိ ဘိုင်ကိုနော အာကာသစခန်းကို အသုံးပြုနိုင်ရေးသည် အဓိကဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က ယခုရက်သတ္တပတ် အတွင်းကျင်းပသည့် (၇၀) ကြိမ်မြောက် အာကာသစခန်း နှစ်ပတ်လည်အခမ်းအနား တွင် ပြောကြားသည်။
ရုရှားနိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံတွင် တည်ရှိသည့် ဘိုင်ကိုနော အာကာသစခန်း တိုးတက်ဖွံ့ဖြိုးရေးနှင့် ၎င်းစခန်းအား ဆက်လက် အသုံးပြုနိုင်ရေးအတွက် အဓိကဦးစားပေး အဖြစ် လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ အာကာသ စခန်းသည် ယခုအခါ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးနှင့် တိုးတက်မှုအရှိဆုံး အာကာသစင်တာများအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။
အဆိုပါအာကာသစခန်းတွင် အမှုထမ်းနေသည့် အမှုထမ်းအရေအတွက်သည် ၇၀၀၀ ခန့်ရှိပြီး ယင်းအာကာသစခန်းသည် ရုရှားနိုင်ငံ၏ အာကာသအစီအစဉ်များ အတွက် အလွန်အရေးပါသည့် စင်တာတစ်ခုဖြစ်သည်။
ရုရှားနိုင်ငံသည် ဘိုင်ကိုနောအာကာသ စခန်းကို အသုံးပြု၍ အာကာသယာဉ်လွှတ် တင်မှုအကြိမ်ပေါင်း ၂၅၀၀ လုပ်ဆောင်ခဲ့ပြီး ပတ်လမ်းအတွင်းသို့ အာကာသယာဉ်မှူး ၂၀၀ ကျော်ကို ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် အဆိုပါ အာကာသစခန်းမှ တစ်ဆင့် အခြားနိုင်ငံများကလည်း ၎င်းတို့၏ အာကာသယာဉ် အများအပြားကို လွှတ်တင်ခဲ့သည့်အပြင် နိုင်ငံတကာမှ သိပ္ပံ ပညာရှင်များကလည်း သုတေသန လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။
MWD Web Portal