မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် ရုရှား လုံခြုံရေးအကြီးအကဲ ပြုံယမ်းသို့ ရောက်ရှိနေ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ရုရှားထိပ်တန်းလုံခြုံရေးအရာရှိ ဆာဂေးရှိုးဂူသည် မြောက် ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ ရောက်ရှိနေသည်ဟု သိရပါသည်။
ရုရှားသမ္မတပူတင်၏ အမိန့်နှင့်အတူ ဆာဂေးရှိုးဂူသည် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့ကို သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။ အဆိုပါဆွေးနွေးပွဲသည် ယူကရိန်းစစ်ပွဲအပါအဝင် လက်ရှိ ကမ္ဘာ့ရေးရာများကို လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ထားကြကြောင်းလည်း သိရပါသည်။ အဆိုပါလည်ပတ်မှုသည် အချိန်(၃)လအတွင်း မြောက်ကိုရီးယား သို့ ဆာဂေးရှိုးဂူ၏ ဒုတိယအကြိမ်မြောက် လာရောက် လည်ပတ်မှုတစ်ခု ဖြစ်ကြောင်းလည်း သိရပါသည်။ နှစ်ပေါင်းများစွာ မိတ်ဖက်နိုင်ငံများဖြစ် ခဲ့ကြသည့် ရုရှားနှင့်မြောက်ကိုရီးယားတို့၏ နှစ်နိုင်ငံကြား ဆက်ဆံရေးသည် မကြာသေးမီကာလအတွင်း သိသိသာသာ နီးကပ်လာခဲ့ကြောင်းလည်း သိရပါသည်။
ထို့ပြင် ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးရန်အတွက် ၎င်း၏စစ်သားများနှင့် စစ်လက်နက်ပစ္စည်းများကို မြောက်ကိုရီးယားက ရုရှားထံ ပေးပို့ခဲ့သည်ဆိုသော အစီရင်ခံစာများလည်း ထွက်ပေါ်လာခဲ့ဖူးပါသည်။ သို့သော်လည်း ရုရှားနှင့်ဆက်ဆံရေးသည် ဥရောပနှင့်အာရှ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အာမခံနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီး ရုရှားနှင့်၎င်းတို့ကြားကြီးထွားလာနေသောစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်ပြောဆိုခဲ့ကြောင်းလည်း သိရပါသည်။
ကိုးကား- NP News