ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီး အခြား ၇ နိုင်ငံအား ကန့်သတ်မှုပြုလိုက်သည့်အမိန့် ထုတ်ပြန်ခြင်း
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့်လုံးဝပိတ်ပင်ခြင်းနှင့် အခြားသော နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအား ကန့်သတ်ပိတ်ပင်ခြင်းအမိန့်ကို သမ္မတ ထရမ့်က ဇွန်လ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ဇွန်လ ၄ ရက်(ဗုဒ္ဓဟူးနေ့)က ထုတ်ပြန်ချက်တွင် အာဖကန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင် စသည့် နိုင်ငံပေါင်း (၁၂)နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည့်အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာလီယွန်၊ တွန်ဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ(၇)နိုင်ငံမှ နိုင်ငံသားများ ကိုလည်း ကန့်သတ်ပိတ်ပင်ခြင်းများ ထပ်မံလုပ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါအမိန့်ထုတ်ပြန်ချက်တွင် ထရမ့်က “အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံသားများ၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် လုပ်ရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
အဆိုပါအမိန့်သည် ၉-၆-၂၀၂၅ ရက်(တနင်္လာနေ့)၊ ဝါရှင်တန်ဒီစီ၏ ဒေသစံတော်ချိန် မွန်းလွဲ (၁၂၀၁)နာရီ (ဂရင်းနစ်စံတော်ချိန် ၀၄၀၁ နာရီ)တွင် စတင်အာဏာသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ နေ့ရက်/အချိန်မတိုင်မီက ခွင့်ပြုထုတ်ပေးထားသည့် ပြည်ဝင်ခွင့်ဗီဇာများအား ပယ်ဖျက် ရုတ်သိမ်းသွားမည်မဟုတ်ကြောင်း အမိန့်တွင် ဖော်ပြပါရှိကြောင်း ALJAZEERA သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား - ALJAZEERA
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက(၄)