မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်ဦး သေဆုံးကာ၊ ပြည်သူ သုံးဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာလမ်းဆုံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်နေစဉ် အဆိုပါနေရာနှင့် မီတာ ၁၀၀ ခန့်အကွာ လမ်းဘေးထန်းပင်အနီးမှ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် တောင်စွန်းမြို့မှ ဘီးလင်းမြို့သို့ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသည့် တောင်စွန်းကျေးရွာနေ ဦးဇော်ဟိန်းအောင်(၅၂)နှစ်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဇုတ်သုတ်ကျေးရွာနေ ဦးဟိန်းလင်းစိုး(၂၈)နှစ်၊ ဦးအောင်ကျော်ဆန်း(၃၂)နှစ်၊ ဦးနိုင်လင်းဦး(၂၈)နှစ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ရွှေပေါက္ကံမြို့နေ ဦးတင်ထွေးဦး(၅၈)နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ဘေးလေကာမှန်များ ကွဲကြေကာ ယာဉ်၏ဝဲဘက်ခြမ်း မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA