အစ္စရေး-အီရန် ပဋိပက္ခသည် နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်ဟု နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သတိပေး

News Image

  • အစ္စရေး-အီရန် ပဋိပက္ခသည် နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်ဟု နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သတိပေး

အစ္စရေးက အီရန်၏နျူကလီးယားအစီအစဉ်ကို ခြိမ်းခြောက်မှုများသည် “ကပ်ဘေးဆိုက်ရောက်နိုင်သော” အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ Rafael Grossi က ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြားတွင်ဖြစ်ပွားနေသော ဆွေးနွေးမှုများ ပျက်ပြား ပါက အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အလားအလာကို အနောက်ဂျေရုဆလင်မှ ဖယ်ထားခြင်းမရှိသေးပေ။ အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန်သမ္မတ Donald Trump က အီရန်၏နျူကလီးယားလုပ်ဆောင်မှုများကို ထိန်းချုပ်ရန် သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့် မည်သည့် စစ်ရေးလုပ်ဆောင်မှုကိုမဆို မပြုလုပ်ရန် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို သတိပေးခဲ့သည်ဟု သတင်းများအရသိရသည်။

အစ္စရေး၏ခြိမ်းခြောက်မှုများသည် “အီရန်၏နျူကလီးယားကိစ္စသည် ကပ်ဘေးဆိုက်ရောက်နိုင်သည့် အလားအလာ အလွန်မြင့်မားသည်။ အကယ်၍ ဆွေးနွေးမှုများ ပျက်ပြားပါက စစ်ရေးလုပ်ရပ်များ ဖြစ်ပွားလာနိုင်သည်” ဟု Grossi က သောကြာနေ့ (ဇွန် ၆) တွင် ထုတ်ဝေခဲ့သည့် Financial Times နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် တစ်ကြိမ်တည်း တိကျသောတိုက်ခိုက်မှုတစ်ခုဖြင့် အီရန်၏ ခိုင်ခံ့သော နျူကလီးယားပစ်မှတ်များကို အပြီးတိုင် ဖျက်ဆီးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အထိခိုက်မခံနိုင်သောနေရာများသည် မြေအောက် မိုင်ဝက်ခန့် (ခန့်မှန်းခြေ အားဖြင့် ၈၀၀ မီတာ) အနက်တွင် တည်ရှိသည်။ မိမိကိုယ်တိုင် အကြိမ် များစွာ ရောက်ဖူးသည်။ ထိုနေရာသို့ရောက်ရန် ခရုပတ် ဥမင်လိုဏ်ခေါင်း များကို ဆင်းခဲ့ရသည်” ဟု Grossi က ရှင်းပြခဲ့သည်။

“လက်ရှိအချိန်တွင် အီရန်၌ နျူကလီးယားလက်နက် မရှိသေးသော်လည်း ယင်းကို ထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းတွေတော့ ရှိနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

Grossi သည် ယခင်ကလည်း တီဟီရန်၏ ယူရေနီယမ်သန့်စင်မှု လုပ်ငန်းစဉ်များ တိုးမြင့်လာနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

အီရန်၏နျူကလီးယားအစီအစဉ်သည် လုံးဝငြိမ်းချမ်းစွာအသုံးပြုရန် ရည်ရွယ်ချက်သာဖြစ်ကြောင်း သက်သေပြရန် ရည်ရွယ်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီဂျစ်ရုပ်မြင်သံကြား Nile News နှင့် သောကြာနေ့တွင် ထုတ်ဝေခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အာဏာရှင် Ayatollah Ali Khamenei ၏ နျူကလီးယားလက်နက်များကို ဘာသာရေးအရ တားမြစ်ထားမှုကို ချိုးဖောက်ရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အီရန်သည် မိမိတို့၏ ပြည်တွင်း ယူရေနီယမ် သန့်စင် နိုင်စွမ်းကို စွန့်လွှတ်ရမည့် သဘောတူညီချက်မျိုးကို လက်မခံနိုင်ဟုAraghchi က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ပြောကြားခဲ့သည်။ “ယူရေနီယမ် သန့်စင်ခွင့် မပေးလျှင် သဘောတူညီချက် မရနိုင်ပါ။ နျူကလီးယား လက်နက် မလိုချင်ဘူးဆိုရင်တော့ သဘောတူညီမှု ရနိုင်ပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂