အင်ဒိုနီးရှားစစ်တပ် လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ရုရှား ကူညီမည်
ရုရှား လက်နက်ရောင်းဝယ်ရေးကုမ္ပဏီ Rosoboronexport သည် အင်ဒိုနီးရှားနိုင်ငံ၏ တပ်မတော်ကို ခေတ်မီလက်နက်များဖြင့် ပြန်လည် အစားထိုးတပ်ဆင်ပေးရန် စီစဉ်ထားကြောင်း လာမည့် ဇွန် ၁၁ ရက်တွင် ဂျကာတာမြို့၌ စတင်ပြုလုပ်မည့် Indo Defense လက်နက်ပြပွဲကို ကြိုဆိုသောအားဖြင့် အဆိုပါကုမ္ပဏီအကြီးအကဲ Alexander Mikheyev က ပြောကြားလိုက်ပါသည်။
၂၀၂၄ ခုနှစ်က အင်ဒိုနီးရှားသမ္မတ ပရာဘိုဝါဆူဘီယန်တိုနှင့် ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံချိန် ဖိတ်ကြားချက်အရ Indo Defense 2025 ပြပွဲတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ ပါဝင်မည်ဖြစ်ပြီး Rosoboronexport အနေဖြင့် အင်ဒိုနီးရှား တပ်မတော်အတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ် အတွင်း လက်နက်ပြောင်းလဲတပ်ဆင်ရေးအစီအစဉ်အတွက် လိုအပ်ချက် များကို အများဆုံးဖြည့်ဆည်းပေးနိုင်မည့် ရုရှားထုတ် နောက်ဆုံးပေါ် လက်နက်စနစ်များကို ပြသသွားမည်ဖြစ်ကြောင်း Mikheyev က ပြောကြား ထားပါသည်။
Rosoboronexport ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းစက်မှု လုပ်ငန်းများနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရန် အဆိုပြုထားပါသည်။ အဆိုပါကုမ္ပဏီသည် ရုရှားနှင့် မိတ်ဖက်နိုင်ငံတို့ အတွက် နည်းပညာမြင့် ထုတ်ကုန်များ စဉ်ဆက်မပြတ် တိုးတက်လာ စေရန် ခေတ်မီလက်နက်ဈေးကွက်၏ အချက်အခြာတစ်ခုလည်း ဖြစ်ပါသည်။
Rosoboronexport သည် အင်ဒိုနီးရှား တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း များ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး၊လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများနှင့် လုံခြုံရေး စိန်ခေါ်မှုများ အားလုံးကို ရင်ဆိုင်နိုင်သော ခေတ်မီစစ်တပ်အသွင်သဏ္ဍာန် ဖော်ဆောင် ရာတွင် ရုရှား၏အကူအညီအဖြစ် ကမ်းလှမ်းသွားမည် ဖြစ်ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃