မြောက်ကိုရီးယားက တန် ၅,၀၀၀ စစ်သင်္ဘော ဆယ်တင်ရန် ကြိုးပမ်း

News Image

  • မြောက်ကိုရီးယားက တန် ၅,၀၀၀ စစ်သင်္ဘော ဆယ်တင်ရန် ကြိုးပမ်း

မြောက်ကိုရီးယားသည် ရေချချိန်တွင် မတော်တဆမှုဖြစ်ပွားခဲ့သော တန် ၅၀၀၀ ရှိ စစ်သင်္ဘောကို ဆယ်တင်ရန် ခေတ်မီစက်ကိရိယာများမရှိဘဲ လူအားကို အဓိကအသုံးပြုပြီး အခြေခံနည်းစနစ်များဖြင့် ကြိုးပမ်းခဲ့သည်။

မေလ ၂၁ ရက်နေ့တွင် Chongjin ဆိပ်ကမ်းမြို့ရှိ သင်္ဘောကျင်းတစ်ခုတွင် မြောက်ကိုရီးယားသမိုင်းတစ်လျှောက် အကြီးဆုံးနှင့် ခေတ်အမီဆုံးဖြစ်သည့် Choe Hyon-class စစ်သင်္ဘာအသစ်တစ်စင်းသည် ရေချချိန်တွင် လဲကျသွားခဲ့သည်။ ၎င်းမှာ နိုင်ငံ၏ ရေတပ်ခေတ်မီဖွံ့ဖြိုးရေးအားထုတ်မှုများအတွက် ထိခိုက်မှုတစ်ရပ်အဖြစ် မြင်တွေ့ရပြီး ခေါင်းဆောင် ကင်ဂျုံအွန်က ဇွန်လမတိုင်မီ မည်သည့်နည်းနှင့်မဆို သင်္ဘောကို ဆယ်တင်ရန် အမိန့်ပေးခဲ့သည်။

သင်္ဘောကို ပြန်လည်ရေချနိုင်ရန် အင်ဂျင်နီယာများသည် ကင်ဂျုံအွန်၏ ရှားပါးစွာ ထုတ်ဖော်ပြောဆိုလေ့မရှိသော အမျက်ထွက်မှုကြောင့် ဖိအားများအောက်တွင် လုပ်ဆောင်ခဲ့ကြရသည်။ ၎င်းမှာ ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး တန်ချိန် ၅၀၀၀ ရှိသော သင်္ဘောသည် ကုန်းပေါ်တွင် တစ်ဝက်နှင့် ရေအောက် တစ်ဝက် အနေအထားကြောင့် ကယ်ဆယ်ရေး လုပ်ငန်းသည် ရေထဲတွင် လုံးဝ နစ်မြုပ်သွားသည်ထက် ပိုမို ရှုပ်ထွေး နေသည်။ 

သင်္ဘောကို မြှောက်ရန် ခေတ်မီစက်ပစ္စည်းများ မရှိသည့်အတွက် မြောက်ကိုရီးယား အင်ဂျင်နီယာများသည် ရိုးရှင်းသော်လည်းထိရောက်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့သည် ကြီးမားသော လေပူဖောင်းများကို အသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်း တွင် ကူညီရန် အလုပ်သမား ရာနှင့်ချီ၍ စုစည်းခဲ့ကြောင်း ဆန်းစစ် လေ့လာသူများနှင့် ဂြိုလ်တုဓာတ်ပုံများက ဖော်ပြသည်။

ဖြစ်စဉ်ပြီးနောက် နှစ်ပတ်အကြာ ဇွန်လ ၅ ရက်နေ့တွင် ဂြိုလ်တုဓာတ်ပုံ များအရ မြောက်ကိုရီးယား၏ အရှေ့မြောက်ကမ်းရိုးတန်းရှိ Chongjin ဆိပ်ကမ်းတွင် ပေ ၄၇၀ (၁၄၃ မီတာ) ရှည်လျားသော ဖျက်သင်္ဘောသည် ပြန်လည်ထောင်မတ်နေသည်ကို တွေ့ရပြီး ၎င်းသည် ရေချပလက်ဖောင်းမှ ပေ ၆၀၀ (၁၈၃ မီတာ) အကွာတွင် အပြည့်အဝ ဆယ်တင်နိုင်ပြီး ဖြစ်သည်ကို တွေ့ရှိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂