အစ္စရေးက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်း မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ဟု ဆို

News Image

  • အစ္စရေးက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်း မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ဟု ဆို

အစ္စရေးစစ်တပ်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့တစ်ခု၏ ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ထုတ်ပြန် လိုက်သည်။

ပါလက်စတိုင်း မုဂျာဟစ်ဒင်လှုပ်ရှားမှုနှင့် ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော မုဂျာဟစ်ဒင်တပ်များ၏ ခေါင်းဆောင် အာဆာ့ဒ် အဘူရှာရီယာ ကို အစ္စရေး၏ Shin Bet လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကာ သုတ်သင်လိုက်ကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က စနေနေ့ (ဇွန် ၇) တွင် ကြေညာခဲ့သည်။

၎င်းနှင့်အတူ ၎င်း၏ညီ အာမက်ဒ် အဘူရှာရီယာလည်း သေဆုံး သွားကြောင်း အဆိုပါ အကြမ်းဖက်အဖွဲ့က အတည်ပြုခဲ့သည်။ ယမန်နေ့ (ဇွန် ၆) က ဂါဇာမြို့ Sabra ရပ်ကွက်ရှိ ၎င်းတို့၏မိသားစုအိမ်ကို အစ္စရေး လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဂါဇာမြို့ပြကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြခဲ့သည်။

ဟားမက်အစိုးရထိန်းချုပ်သော Al-Aqsa TV အစီအစဉ်ကမူ အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး များစွာ ဒဏ်ရာ ရရှိကြောင်း ဖော်ပြခဲ့သည်။ ဗီဒီယိုများတွင် ပြိုကျပျက်စီးနေသော ၄ ထပ် တိုက်အိမ်အပျက်ထဲမှ အသက်ရှင်လျက်ကျန်နေသူများအား ရှာဖွေ နေသည့်ပုံများ တွေ့ရသည်။

မုဂျာဟစ်ဒင်တပ်များသည် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုတွင် ဟားမက်နှင့် အခြားပါလက်စတိုင်း အကြမ်းဖက်အဖွဲ့များနှင့်အတူပူးပေါင်းပါဝင်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှု၏ သင်္ကေတဖြစ်လာခဲ့သည့် မိသားစု တစ်စုအပါအဝင် အချို့သော အထင်ကရသုံ့ပန်းများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အစ္စရေးစစ်တပ်အဆိုအရ အဘူရှာရီယာသည် ဂါဇာနယ်စပ်အနီးရှိ အစ္စရေးကျေးရွာ Nir Oz ကီဘုတ်ဇ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကျေးရွာမှ နေထိုင်သူများစွာကို သတ်ဖြတ်ခဲ့ပြီး အချို့ ကို ဖမ်းဆီးခဲ့ကာ ယင်းဖြစ်စဉ်သည် နောက်ပိုင်းတွင် ဂါဇာစစ်ပွဲဆီသို့ ဦးတည်စေခဲ့သည်။

အစ္စရေးစစ်တပ်က ဟားမက်၏အစီအစဉ်ကို ကြိုတင်မသိရှိခဲ့သော်လည်း အဆိုပါ အကြမ်းဖက်အဖွဲ့ဝင်များသည် ဟားမက်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏အဆိုအရ အဘူရှာရီယာသည် ရှီရီ၊ အဲရီယယ်နှင့် ဖာကီရ် ဘီဘတ်စ် တို့အား ဖမ်းဆီးသတ်ဖြတ်မှုတွင် တိုက်ရိုက်ပါဝင်ခဲ့သည်။ မိခင်နှင့် သားနှစ်ယောက်ဖြစ်သည့် ထိုမိသားစုသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် အထင်ရှားဆုံးသော ဓားစာခံများထဲမှ မိသားစုတစ်စုဖြစ် ခဲ့ပြီး၊ အထူးသဖြင့် ငယ်ရွယ်သေးသော အသက် ၉ လသာ ရှိသေးသည့် ဖာကီရ်နှင့် ၄ နှစ်အရွယ် အဲရီယယ်တို့၏ သတင်းကြောင့် ကမ္ဘာတစ်ဝှမ်းမှ စိတ်မကောင်းဖွယ်ရာ သတင်းအဖြစ် ကျော်ကြားခဲ့သည်။

ဖာကီရ်သည် ဂါဇာသို့ အသက်အငယ်ဆုံး အသက်ရှင်လျက် ဖမ်းဆီး ခံရသူဖြစ်ပြီး၊ အသက်အငယ်ဆုံး သေဆုံးသူလည်းဖြစ်ခဲ့ရသည်။ မိခင် ရှီရီမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ ဖခင်ရာဒန်မှာလည်း အဖမ်းခံခဲ့ ရသော်လည်း ရက်ပေါင်း ၄၄၈ ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် အသက်ရှင်လျက် ပြန်လည် လွတ်မြောက် လာခဲ့သည်။

အဘူရှာရီယာ သေဆုံးမှုသတင်းကို တုံ့ပြန်သည့်အနေဖြင့် ဘီဘတ်စ် မိသားစုက အစ္စရေးစစ်တပ်အား “လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကြောင်း” ဖော်ပြခဲ့ပြီး၊ ၎င်း၏သေဆုံးမှုသည် “နာကျင်စေရသော အကြမ်းဖက်မှုများ ပြီးဆုံးနိုင်ရန်အတွက် နောက်ထပ်ခြေလှမ်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရှီရီ၊ အဲရီယယ်နှင့် ဖာကီရ်တို့ကို ပြန်လည်ရရှိနိုင်မည် မဟုတ်သော်လည်း အဆိုပါအကျည်းတန်သည့် လူသတ်သမားများ အခြားမိသားစုတစ်ခုကို ထပ်မံအန္တရာယ်မပြုနိုင်တော့သည်ကို သိရခြင်းဖြင့် မိမိတို့၏ နာကျင်မှုအား အနည်းငယ်သက်သာရာရစေပါသည်” ဟု ဘီဘတ်စ်မိသားစုက “ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများနှင့် ပျောက်ဆုံးနေသော မိသားစုများ ဖိုရမ်” မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂