စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း နှစ်ဦး၊ ကလေးငယ် တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားရာမှ ပြန်လည်လွတ်မြောက်
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနေ ဦးဝင်းဇော်ထွေး(၄၀)နှစ်သည် ဇနီးဖြစ်သူ မြင်းမူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခိုင်ဇာကြည်ဝေ(၃၇)နှစ်၊ သမီးဖြစ်သူ မယွန်းဝတီဦး(၁၃)နှစ်၊ အစ်မဖြစ်သူ ရွာသစ်ကြီး ချည်မျှင်နှင့်အထည်စက်ရုံအခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဆန်းဦး(၅၂)နှစ်တို့နှင့်အတူ ရွာသစ်ကြီးကျေးရွာတွင် ဈေးဝယ်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က 8L-XXXX LIGHT TRUCK အဖြူရောင်မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ကိုဝင်းဇော်ထွေးပါ လေးဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အခန်းတစ်ခုတွင် သုံးညအိပ်ခန့် ပိတ်လှောင်ဖမ်းဆီးထားပြီးနောက် “လူမှားဖမ်းမိသည်၊ ပြန်ပို့ရမည်” ဟု ပြောဆိုပြီး ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် 8L-XXXX LIGHT TRUCK မော်တော်ယာဉ်နှင့်အတူ နတ်ခရိုင်ကျေးရွာအနီးသို့ ပြန်လည်ပို့ဆောင်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA