အစ္စရေးက Greta Thunberg ကို နိုင်ငံမှနှင်ထုတ်
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက Greta Thunberg အပါအဝင် ပါလက်စတိုင်းထောက်ခံသူ တက်ကြွလှုပ်ရှားသူများကို တယ်လ်အဗစ် လေဆိပ်သို့ ခေါ်ဆောင်သွားပြီး နိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
“Virtual life sailboat မှ ခရီးသည်အချို့အား လာမည့် နာရီ အနည်းငယ်အတွင်း နိုင်ငံကနေ ထွက်ခွာစေမည်ဖြစ်ပါသည်။ နှင်ထုတ်ခံရသည့် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ပြီး အစ္စရေး နိုင်ငံတွင် ဆက်နေထိုင်မည်ဟု ပြောဆိုသူများကို တရားရုံးတင်ပြီးမှ နှင်ထုတ်မည် ဖြစ်သည်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၀ရက် တွင် ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် အစ္စရေးရေတပ်က ယခင်က ဂါဇာကမ်းမြောင်ဒေသသို့ ရောက်ရှိရန် ကြိုးပမ်းနေသည့် Madleen ရွက်လှေပေါ်မှ တက်ကြွလှုပ်ရှားသူများကို ဝင်ရောက်တားဆီးခဲ့ကြောင်း ရည်ညွှန်း ဖော်ပြ ခဲ့ပါသည်။
တက်ကြွလှုပ်ရှားသူများ၏ မိခင်နိုင်ငံများမှ ကောင်စစ်ဝန်များသည် လေဆိပ်တွင် ၎င်းတို့နှင့် တွေ့ဆုံခဲ့ကြပြီး “Greta Thunberg သည် ဆွီဒင် နိုင်ငံသို့ ပျံသန်းမည့် လေယာဉ်ဖြင့် အစ္စရေးနိုင်ငံမှ ထွက်ခွာသွားမည် ဖြစ်သည်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ပြောကြား ခဲ့ပြီး လေယာဉ်ပေါ်တွင် ထိုင်နေသည့် တက်ကြွလှုပ်ရှားသူ၏ ဓာတ်ပုံ ကိုလည်း တင်ပြခဲ့ပါသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ရွက်လှေပေါ်ရှိ ပြင်သစ်နိုင်ငံသား တက်ကြွလှုပ်ရှားသူ ၅ ဦးသည် အစ္စရေးနိုင်ငံတွင် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇွန် ၉ ရက်နေ့တွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသသို့ အထောက်အပံ့များ သယ်ဆောင်လာသည့် Madleen ရွက်လှေကို ရပ်တန့် စေခဲ့ပြီး Greta Thunberg အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။
Madleen ရွက်လှေကို လုပ်ဆောင်ပေးနေသည့် Freedom Flotilla Coalition (FFC) အဖွဲ့က အစ္စရေးစစ်တပ်အား “ရွက်လှေပေါ်သို့ တရားမဝင် တက်ရောက်ခြင်း၊ လက်နက်မဲ့ အရပ်သားလှေသားများကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့် အစားအစာ၊ ဆေးဝါးပစ္စည်းများနှင့် ကလေး နို့မှုန့်များ အပါအဝင် ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း” တို့ဖြင့် စွပ်စွဲ ခဲ့သည်။
ဗြိတိသျှအလံတပ်ဆင်ထားသည့် ထိုရွက်လှေကို အစ္စရေးနိုင်ငံ Ashdod ဆိပ်ကမ်းသို့ ဆွဲခေါ်သွားခဲ့ပြီး တက်ကြွလှုပ်ရှားသူများကိုမူ တယ်လ်အဗစ် မြို့ရှိ Ben Gurion လေဆိပ်သို့ ညအချိန်တွင် လွှဲပြောင်းပေးခဲ့သည်။
အသက် ၂၂ နှစ်ရှိပြီဖြစ်သော Greta Thunberg သည် ၂၀၁၈ ခုနှစ်က ဆွီဒင်လွှတ်တော်အပြင်ဘက်တွင် ရာသီဥတုအရေးအတွက် စာသင်ချိန်များ မတက်ရောက်ဘဲ ဆန္ဒပြခဲ့ပြီးနောက် ကမ္ဘာကျော်ခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း သူမသည် ဆန္ဒပြမှုများတွင် မကြာခဏပါဝင်ခဲ့ပြီး ရဲများ က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကာ ငြင်းခုံမှုများစွာကို ဖြစ်ပေါ်စေ ခဲ့သည်။
သူမသည် ဇွန် ၁ ရက်တွင် အီတလီမှ FFC ၏ Madleen ရွက်လှေဖြင့် “ဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ယူဆောင်ရန် နှင့် အစ္စရေး၏ ပိတ်ဆို့မှုကို ချိုးဖျက်ရန်” ရည်ရွယ်ချက်ဖြင့် ထွက်ခွာခဲ့သည်။ FFC အဖွဲ့က ထိုအကူအညီများသည် “သေးငယ်သော်လည်း အထိမ်းအမှတ်သဘောဆောင်ပြီး ဒေသတွင်ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအပေါ် နိုင်ငံတကာ အာရုံစိုက်မှုရရှိရန် ရည်ရွယ်ကြောင်း” ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သန်ဘတ်ခ်၏ “ပြန်ပေးဆွဲခံရသည်ဆိုသော” စွပ်စွဲချက်ကို ပယ်ချခဲ့သည်။ “ဂရီတာ သန်ဘတ်ခ်ကို ပြန်ပေးဆွဲဖို့ အစ္စရေးမှာ ပြဿနာတွေ အများကြီးရှိပြီးသားပါ။ သူမက အသက်ငယ်သေးတယ်၊ ဒေါသကြီးတယ်။ သူမအနေဖြင့် ဒေါသ ထိန်းချုပ်မှု သင်တန်းတက်သင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂