ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် Vance တို့ Los Angeles ဆန္ဒပြပွဲများနှင့်ပတ်သက်၍ အချေအတင်ဖြစ်နေ
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom နှင့် ဒုတိယ သမ္မတ Vance တို့သည် Los Angeles ရှိ ဆန္ဒပြမှုများနှင့် ပတ်သက်၍ အစိုးရမှ National Guard စစ်သည်များတပ်ဖြန့်ခဲ့ပြီးနောက် အွန်လိုင်း တွင် စကားစစ်ထိုးနေကြသည်။
အမေရိကန်သမ္မတ Donald Trump သည် ဇွန်လ ၉ ရက်နေ့တွင် ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom အား ဖမ်းဆီးရန်အမေရိကန်နယ်စပ်ကာကွယ်ရေးတာဝန်ရှိသူ Tom Homan အားထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် California ခေါင်းဆောင်များက X (Twitter) တွင် တုံ့ပြန်ခဲ့ကြသည်။
Newsom က “အမေရိကန်သမ္မတက လက်ရှိအုပ်ချုပ်နေသည့် ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖမ်းဆီးဖို့ တိုက်တွန်းလိုက်ပါပြီ၊ အမေရိကမှာ ဘယ်တော့မှ မဖြစ်စေချင်တဲ့ အခြေအနေပါ၊ သမ္မတက ဒီမိုကရက်လား၊ ရီပတ်ဘလီကန်လား ကျွန်တော်ဂရုမစိုက်ပါ၊ ဒါဟာ နိုင်ငံတစ်နိုင်ငံအနေဖြင့် မကျော်လွှားသင့်သည့် နယ်နိမိတ်ပါ၊ ဒါဟာ အာဏာရှင်စနစ် ဆီကို ရှေ့တစ်လှမ်းတိုးလိုက်တာပါ” ဟု ရေးသားခဲ့သည်။
နှစ်နာရီအကြာတွင် ဒုတိယသမ္မတ Vance က Newsom ၏ ရေးသားချက်ကို တုံ့ပြန်ကာ “သင့်တာဝန်ကို ထမ်းဆောင်ပါ၊ ဒါပဲ ကျွန်တော်တို့ တောင်းဆိုတာပါ” ဟု ပြန်လည်ရေးသားခဲ့သည်။
Newsom ကလည်း “သင့်တာဝန်ကို သင် ထမ်းဆောင်ပါ၊ Trump မကိုင်တွယ်ခင် အဆင်ပြေနေတာပါ၊ National Guard ရုပ်သိမ်းပြီးCalifornia ကို ထိန်းချုပ်ခွင့် ပြန်ပေးပါ” ဟု ညနေပိုင်းတွင် တုံ့ပြန် ခဲ့သည်။
ဒုတိယသမ္မတ JD Vance ၏ ရုံးနှင့် အိမ်ဖြူတော်တို့သည် အဆိုပါ စကားစစ်ထိုးမှုနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုသေးပေ။
ဇွန်လ ၇ ရက်တွင် သမ္မတ Trump က Los Angeles၊ California ရှိ ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု များကြောင့် ဖြစ်ပေါ်နေသော ဥပဒေမဲ့အခြေအနေကို ကိုင်တွယ်ရန် National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ ကို စေလွှတ်ရန် အမိန့်စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ဇွန်လ ၉ ရက်တွင် Trump က National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ ထပ်မံ စေလွှတ်ခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က အဆိုပါ ဆောင်ရွက်ချက်အား ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ National Guard အပြင် အမေရိကန်စစ်တပ်ကလည်း ဖက်ဒရယ်ဝန်ထမ်းများနှင့် ပစ္စည်း များကို ကာကွယ်ရန် Los Angeles သို့ မရိန်းတပ်သား ၇၀၀ ကို စေလွှတ် ခဲ့သည်။
ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom နှင့် ပြည်နယ် ရှေ့နေချုပ် Rob Bonta တို့က ဇွန်လ ၉ ရက်နေ့တွင် ဆန်ဖရန်စစ္စကိုရှိ ဖက်ဒရယ်တရားရုံးသို့ တရားစွဲဆိုခဲ့ပြီး၊ သမ္မတ Trump ၏ National Guard စေလွှတ်ရေး အမိန့်ကို တားမြစ်ပေးရန် တောင်းဆိုခဲ့သည်။၎င်းတို့က အဆိုပါအမိန့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆယ်ကြိမ်မြောက်ပြင်ဆင်ချက် (10th Amendment) အရ ပြည်နယ်၏ အာဏာကို ချိုးဖောက်သည်ဟု ဆိုသည်။
ထို့အပြင် ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က ပြည်နယ်နှင့် ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ၈၀၀ ကျော်အား “ပြည်သူများ၏ ဘေးကင်းရေးအတွက် စေလွှတ်မည်” ဟု ကြေညာခဲ့သည်။
“Trump လိုချင်တာက ရှုပ်ထွေးမှုပါ ၊ အခု California က ဒီပြဿနာကို ရှင်းရမယ့်အချိန်ရောက်ပြီ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂