ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယား လက်နက်များရှိသည်ဟု ပူတင် ပြောကြား

News Image

  • ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယား လက်နက်များရှိသည်ဟု ပူတင် ပြောကြား

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားပြီး ၎င်းသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ကမ္ဘာ့စစ်ရေး ဟန်ချက်ညီမှုကို အာမခံပေးသည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ကျင်းပသော အမျိုးသားလက်နက်တပ်ဆင်ရေး အစီအစဉ်ဆိုင်ရာ အစိုးရအစည်းအဝေး၌ ပြောကြားရာတွင် ၎င်းက နိုင်ငံ၏ နျူကလီးယားသုံးဘက်စုံ (Nuclear Triad) ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အထူးအာရုံစိုက်ရန်” တိုက်တွန်းခဲ့သည်။

နျူကလီးယားသုံးဘက်စုံဆိုသည်မှာ မြေပြင်အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်များ (ICBMs)၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်များ (SLBMs) နှင့် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ (strategic bombers) တို့၏ ပေါင်းစပ်အသုံးပြုမှုကို ရည်ညွှန်းသည်။ အဆိုပါ လက်နက်စနစ်များသည် ပထမဆုံးတိုက်ခိုက်မှုတွင် နိုင်ငံတစ်နိုင်ငံ၏ နျူကလီးယား စွမ်းအားကို အပြီးအပိုင် ဖျက်ဆီးနိုင်ခြင်း မရှိစေရန် အာမခံပေးသည်။

“ယခုအခါတွင် မိမိတို့၏ နျူကလီးယားစွမ်းအား၌ ခေတ်မီ နည်းပညာ အထွတ်အထိပ်ရှိသော လက်နက်စနစ်များ၏ အချိုးအစားမှာ ၉၅% အထိ ရှိနေပြီ” ဟု သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စတွင် ရုရှားနိုင်ငံသည် ကောင်းမွန်သော တိုးတက်မှုများ ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုအချိုးအစားသည် ကမ္ဘာ့နျူကလီးယား စွမ်းအားရှိသော နိုင်ငံအားလုံးတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ပူတင် က ဆိုသည်။ အလားတူအကဲဖြတ်ချက်ကို အမေရိကန်နိုင်ငံ၏ Strategic Command မှ ဗိုလ်ချုပ်ကြီး Anthony Cotton ကလည်း ဖော်ပြခဲ့ ဖူးသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် အခြားမည်သည့်နိုင်ငံမျှမရှိသေးသည့် အကြီးမားဆုံးနှင့် အမျိုးအစားအစုံလင်ဆုံး နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားသည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လတွင် Cotton က ပြောကြားခဲ့ပြီး မော်စကို၏ နျူကလီးယားစွမ်းရည်မှာ အမေရိကန်ထက် သာလွန်နေကြောင်း သတိပေးခဲ့သည်။

ရုရှားသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နျူကလီးယားလက်နက် စွမ်းရည်အား သိသိသာသာ အဆင့်မြှင့်တင်ခဲ့သည်။ Sarmat ICBM ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခိုက်ရေးတာဝန်အတွက် အတည်ပြုခဲ့သည်။ ရုရှားနိုင်ငံ၏ စွမ်းရည်အရှိဆုံး နျူကလီးယားလက်နက်များအနက်မှ တစ်ခုဖြစ်သော Sarmat သည် ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း 11,000 (ကီလိုမီတာ 18,000 ခန့်) ထိရောက်ရှိနိုင်ပြီး အလေးချိန် ၁၀ တန်ဝန်းကျင်ရှိသည်။

သို့သော် ပူတင်က မော်စကိုသည် နျူကလီးယားလက်နက် တစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ယူကရိန်းပဋိပက္ခမှ ရရှိသောအတွေ့အကြုံ များကို အခြေခံကာ ခေတ်အမီဆုံးလက်နက်စနစ် အမျိုးအစား အမျိုးမျိုးကို အာရုံစိုက်ပြီး ရေရှည်လက်နက်တပ်ဆင်ရေး အစီအစဉ်သစ်ကို ဖော်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုခဲ့သည်။

ရုရှားသည် ဒရုန်းစွမ်းရည်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မြေပြင် အသုံးချမှု နှစ်ရပ်စလုံး၌ ယူကရိန်းထက် သာလွန်နေကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ရုရှား၏ ဖိုင်ဘာအော့ပ်တစ်ဒရုန်းများသည် “ရှေ့တန်း စစ်မြေပြင်၌ တိုက်ပွဲဝင်နေသည့် စစ်သည်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေများကို ပြောင်းလဲစေနေသည်” ဟု ၂၀၂၄ ခုနှစ်၊ မေလထုတ် The Times သတင်းစာက ထောက်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂