အစ္စရေး ဆက်လက်တိုက်ခိုက်နေပါက အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းရေး ရှိလာမည်မဟုတ်ကြောင်း အီရန် သမ္မတ ပြောကြား
အီရန်အား အစ္စရေး ဆက်လက်တိုက်ခိုက်နေသရွေ့ အီရန်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြန်လည် စတင်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ဇွန် ၁၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။
အီရန်သည် မည်သည့်အခါကမျှ စစ်ပွဲကို မရှာဖွေခဲ့သော်လည်း မိမိကိုယ်ကိုကာကွယ်မှုအား မဆုတ်မရွံ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အီရန်သည် ယုတ္တိမရှိသော တောင်းဆိုချက်များနှင့် ဖိနှိပ်မှု အောက်တွင် ရှိသော စံနှစ်မျိုးထားခြင်းကို လက်ခံမည်မဟုတ်သလို အစ္စရေးက ဆက်လက် တိုက်ခိုက်မှုပြုနေစဉ် စေ့စပ် ညှိနှိုင်းရေးစကားဝိုင်းရှေ့သို့ ရောက်လာမည်မဟုတ်ကြောင်း ပါဇက်ရှ် ကီရမ်က ဖုန်းခေါ်ဆိုမှုတွင် အလေးအနက်ထား ပြောကြားခဲ့သည်ဟု အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) ၏ သတင်းဖော်ပြမှုအရ သိရသည်။
မက်ခရွန်က ၎င်းနှင့် ပါဇက်ရှ်ကီရမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အီရန်နျူကလီးယားအရေးသည် စေ့စပ် ညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရမည်ဟုအဆိုပြုခဲ့ကြောင်း၊ အီရန်အနေဖြင့် စေ့စပ်ညှိနှိုင်းရေး စကားဝိုင်းသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန်၊ “ဒါက အခြေအနေပြေလျော့ရေးအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းဖြစ်တယ်” ဟု ၎င်းကတိုက်တွန်းခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဘက်အသီးသီးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ရှောင်ရှားရန် တိုက်တွန်း ခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အိုမန် နိုင်ငံခြားရေးဝန်ကြီး Badr က အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် မူလက ဇွန် ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားသည့် ၆ ကြိမ်မြောက် အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းမှုမှာ “ကျင်းပတော့မည်မဟုတ်” ကြောင်း ဇွန် ၁၄ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးက အီရန်အား လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့သည်။ အီရန်သည် အဆိုပါနေ့ ညပိုင်းတွင်ပင် ပဲ့ထိန်းဒုံးကျည်၊ ဒရုန်း များသုံး၍ တန်ပြန်တိုက်ခိုက်ခဲ့သည်။ ဇွန် ၁၄ ရက်တွင် နှစ်ဖက်သည် လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန်ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ကိုးကား - Xinhua