ယူအေအီးက အီရန်နိုင်ငံသားများအား ဒေသတွင်း လေကြောင်းလိုင်း ပိတ်ဆို့မှုများကြောင့် နေထိုင်ခွင့်ကျော်လွန်သည့် ဒဏ်ငွေများမှ ကင်းလွတ် ခွင့်ပြု
အစ္စရေးနှင့် အီရန်အကြား ပဋိပက္ခ မြင့်တက်လာချိန်မှစ၍ ဒေသတွင်း လေကြောင်းလိုင်းပိတ်ဆို့မှုများကြောင့် ယူအေအီးသည် အီရန်နိုင်ငံသားများအား နေထိုင်ခွင့်ကျော်လွန်သည့် ဒဏ်ငွေများမှ ကင်းလွတ်ခွင့်ပြု လိုက်ကြောင်း အစိုးရသတင်းမီဒီယာများက ဖော်ပြသည်။
“ယင်းဆုံးဖြတ်ချက်သည် ဒေသတွင်း အထူးအခြေအနေများကို တုံ့ပြန်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး လေကြောင်းလိုင်းပိတ်ဆို့မှုများနှင့် လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းထားရသည့်အတွက် အီရန်သို့ ပြန်လည် မရောက် ရှိနိုင်သည့် နိုင်ငံသားများအတွက် ဝန်ထုပ်ဝန်ပိုးလျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်” ဟု ယူအေအီးနိုင်ငံပိုင်သတင်းဌာန WAM က ဖော်ပြခဲ့သည်။
အဆိုပါ ဒဏ်ငွေကင်းလွတ်ခွင့်သည် နေထိုင်သူများနှင့် ခရီးသွား ဧည့်သည်များ၊ ဗီဇာအမျိုးအစားမရွေး အားလုံးအတွက် သက်ရောက်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အီရန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု အပြန်အလှန် ဖြစ်ပွားမှုများကြောင့် မကြာသေးမီရက်များအတွင်း ဒေသတွင်းရှိ နိုင်ငံများစွာသည် ယာယီလေကြောင်းလိုင်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရပြီး လေယာဉ် ခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရကာ ခရီးသည်ထောင်ပေါင်းများစွာ သောင်တင် နေခဲ့သည်။
ကိုးကား- CNN
Photo: Curly Tales
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂