ဘရာဇီးလ်နိုင်ငံတောင်ပိုင်းတွင် မိုးပျံပူဖောင်း မတော်တဆမှုဖြစ်ပွားပြီး အနည်းဆုံး ၈ ဦးသေဆုံး
ဘရာဇီးလ်နိုင်ငံတောင်ပိုင်း Santa Catarina ဒေသတွင် စနေနေ့ (ဇွန် ၂၁) က မိုးပျံပူဖောင်း မတော်တဆမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၈ ဦး သေဆုံး ခဲ့ပြီး မိုးပျံပူဖောင်းပေါ်တွင် လူ ၂၁ ဦးပါဝင်ခဲ့ကာ အခြား ၁၃ ဦးမှာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Jorginho Mello က ပြောကြားခဲ့သည်။
လူမှုမီဒီယာပေါ်တွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် မိုးပျံပူဖောင်းသည် ကောင်းကင်ယံတွင် မီးလောင်သည့်အခြေအနေကို မြင်တွေ့ရပြီးနောက် မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။
သမ္မတ Luiz Inácio Lula da Silva က X တွင် သေဆုံးသူများ၏ မိသားစုများအား စာနာထောက်ထားမှု သတင်းစကားများပေးပို့ခဲ့ပြီး “အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အသက်ရှင် ကျန်ရစ်သူ များကို ကူညီရန် ပြည်နယ်နှင့် မြို့ပြအာဏာပိုင်များကို အကူအညီပေးရန် အဆင်သင့်ဖြစ်နေပါသည်” ဟု ၎င်းက ဖော်ပြခဲ့သည်။
Praia Grande သည် ဘရာဇီးလ်တောင်ပိုင်းတွင် ဇွန်လအတွင်း Saint John အပါအဝင် ကက်သလစ်သူတော်စင်များ၏ ပွဲတော်များကို ကျင်းပသည့်အခါတွင် လူကြိုက်များသော မိုးပျံပူဖောင်းစီးခရီးစဉ်များ ကျင်းပလေ့ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
ကိုးကား- CNN
Photo: Arab News
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂