ထရမ့်၏ ကိုယ်စားလှယ်က အီရန်ရှိ အမေရိကန်စပိုင်များအတွက် Starlink အင်တာနက် အခမဲ့ပေးရန် မက် အား တိုက်တွန်း
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Richard Grenell က SpaceX ၏ CEO Elon Musk အား အီရန်တစ်ဝှမ်းတွင် Starlink အင်တာနက်ဝန်ဆောင်မှုကို အခမဲ့ဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။ ၎င်း၏ အမေရိကန်စပိုင်များအနေဖြင့် အစ္စရေး၏ တိုက်ခိုက်မှုများ မြင့်တက် နေချိန်တွင် သတင်းအချက်အလက်များကို မပြတ်တောက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ Musk က အဆိုပါတောင်းဆိုမှုကို တုံ့ပြန်မှုမပြုသေးပေ၊ သို့သော် ယခင်က လှိုင်းများဖွင့်ထားပြီ ဟု ပြောဆိုခဲ့ဖူးပြီး Starlink ကို အသုံးပြုရန် သီးသန့်ဂြိုလ်တုအင်တင်နာလိုအပ်ကြောင်း ပြောဆိုခဲ့သည်။
Starlink ၏ ကမ္ဘာမြေအနိမ့်ပတ်လမ်း ဂြိုလ်တုများကို မူလက ကျေးလက်နှင့် ဝေးလံခေါင်ဖျားဒေသများသို့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများ ပေးစွမ်းရန် အဖြေတစ်ရပ်အဖြစ် မြှင့်တင်ခဲ့သည်။ အဆိုပါစနစ်သည် ရှေ့တန်းစစ်မျက်နှာများတွင် ဒရုန်းစစ်ဆင်ရေးအတွက်လည်း အရေးပါကြောင်း သက်သေပြခဲ့သည်။ SpaceX က ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခ မြင့်တက်လာချိန်မှစ၍ ယူကရိန်းစစ်တပ်အား Starlink ဝန်ဆောင်မှုများပေးခဲ့ပြီး ဆက်စပ်ကိရိယာအစုံ ၄၀,၀၀၀ ကျော် ပို့ဆောင် ပေးခဲ့သည်။
အစ္စရေးက အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုများ လုပ်ဆောင် နိုင်ရန်အတွက် Mossad က အီရန်အတွင်းသို့ လျှို့ဝှက် အေးဂျင့်များကို စေလွှတ်ထားခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့သည်။ ဝါရှင်တန် က တိုက်ခိုက်မှုတွင် ပါဝင်လာနိုင်ခြေမြင့်တက်လာသည်နှင့်အမျှ အီရန် အာဏာပိုင်များက ဆက်သွယ်ရေးကွန်ယက်ကို ကန့်သတ်ကာ ၎င်းတို့ နိုင်ငံ၏ အင်တာနက်လိုင်းများကို ကမ္ဘာ့ကျန်အပိုင်းများမှ သီးခြား ခွဲထုတ်ခဲ့သည်။ ထို့အပြင် ၎င်းတို့က WhatsApp ကို ဖျက်ရန် နိုင်ငံသားများအား တိုက်တွန်းခဲ့ပြီး အစ္စရေးက Meta ပိုင်အက်ပ် အသုံးပြုသူများသည် နိုင်ငံအတွင်းမှ အရေးကြီးအချက်အလက်များကို ခြေရာခံနေသည် ဟု စွပ်စွဲခဲ့သည်။
Richard Grenell သည် အမေရိကန်၏ ဂျာမနီသံအမတ်ဟောင်းနှင့် ယာယီအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ Donald Trump လက်ထက် သမ္မတ၏ အထူး တာဝန်ခံကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၎င်းသည် သံတမန်ရေးအရှုပ်တော်ပုံများနှင့် နိုင်ငံတကာ လျှို့ဝှက်ဆက်သွယ်ရေး လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂