ပလတ်စတစ်အမှိုက်မှသည် ပါရာစီတမောဆီသို့
ပါရာစီတမောဆိုတာ သာမန်နာကျင်ကိုက်ခဲမှုတွေ အတွက်တော့ အဖိုးနှုန်းချိုချိုနဲ့ အစွမ်းထက်တဲ့ဆေးတစ်လက်ပါ။ သူ့ကိုထုတ်လုပ်ထားတာက ဗက်တီးရီးယားပိုးတစ်မျိုးကို အသုံးပြုပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီအတွက် ရေနံစိမ်းလိုမျိုး ရုပ်ကြွင်းလောင်စာများကနေ ထုတ်လုပ်ထားတာပါ။ ဒီလိုထုတ်လုပ်တဲ့အတွက် စွမ်းအင်အသုံးပြုရမှုပမာဏလည်း များပြားပြီး ကာဗွန်ဓာတ်ငွေ့ကလည်း အလွန်အကျွံထွက်ရှိပါတယ်။
ပါရာစီတမောအပြင် အခြားသော ဆေးဝါးများကို ထုတ်လုပ်နေတဲ့ စက်ရုံများ လည်ပတ်နိုင်ဖို့အတွက် နှစ်စဉ်ရုပ်ကြွင်းလောင်စာ တန်ချိန်ထောင်ပေါင်းများစွာကို မီးရှို့နေရတာပါ။ တစ်နည်းပြောရရင် ပါရာစီတမောက အကိုက်အခဲ၊ ဖျားနာပျောက်ဆေးအဖြစ် အစွမ်းထက်ပေမယ့် တစ်ဖက်မှာလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။
ဒီအခြေအနေကို ပြောင်းလဲသွားစေနိုင်ဖို့အတွက် အီဒင်ဘာ့တက္ကသိုလ်ရဲ့ ဝေါလေ့ဓာတ်ခွဲခန်းက အဖိုး နှုန်းချိုသာသလို အစွမ်းထက်လှတဲ့ ပါရာစီတမောကိုထုတ်လုပ်နိုင်မယ့်အပြင် တစ်ဖက်မှာလည်း ကာဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လုံးဝကင်းစင်စေနိုင်မယ့် နည်းလမ်းတစ်ခုကို ဖော်ထုတ်တွေ့ရှိလိုက်ပါတယ်။ သူတို့ရဲ့နည်းလမ်းကို အရှင်းလင်းဆုံးဖော်ပြရရင် ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ ပလတ်စတစ်အမှိုက်များကို ပါရာစီတမောအဖြစ် ပြောင်းလဲစေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
သူတို့ရဲ့နည်းလမ်းကို အနှစ်ချုပ်ပြီး ပြောရမယ်ဆို ရင်တော့ မျိုးရိုးဗီဇ ပြန်လည်ပြုပြင်ထားတဲ့ E. coli ဆိုတဲ့ ဘေးဥပဒ်မဖြစ်စေသော ဗက်တီးရီးယားပိုး တစ်မျိုးကို အသုံးပြုပြီး ပလတ်စတစ်ဘူးများမှာ တွေ့ရလေ့ရှိတဲ့ တယ်ရပ်သားလစ် အက်စစ်ဓာတ်ပေါင်းကို ပါရာစီတမောအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်ကို အခန်းတွင်း အပူချိန်မှာတင် လုပ်ဆောင်နိုင်ပြီး ကာဗွန်ဓာတ်ငွေ့ထွက်ရှိမှုလည်းကင်းစင်ပါတယ်။
သုတေသနပညာရှင်များအသုံးပြုထားတဲ့ အဓိက နည်းလမ်းက ဘီယာချက်လုပ်မှုနဲ့ အလားသဏ္ဌာန်တူတဲ့ အချဉ်ဖောက်ခြင်း နည်းစနစ်ကိုအသုံးပြုပြီး ပိုလီ အီသိုင်လင်းတယ် ရပ်သားလိတ်ဆိုတဲ့ ပလတ်စတစ် အမှိုက်တွေကို ၂၄ နာရီအတွင်း ပါရာစီတမောအဖြစ် ပြောင်းလဲပေးတာပါ။ ဓာတ်ခွဲခန်းရဲ့စမ်းသပ်မှုအရ ထွက်ရှိလာတဲ့ ဓာတုပစ္စည်း ၉၀ ရာခိုင်နှုန်းက ပါရာစီတမောများသာ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်က အောင်မြင်မှု ရှိတယ်ဆိုတာကို အတိအကျဖော်ပြနေ ပါတယ်။ နှစ်စဉ်တန်ချိန်သန်း ၃၅၀ ကျော်အထိထွက်ရှိနေတဲ့ ပလတ်စတစ်အမှိုက်များကို ဒီနည်းနဲ့ အသုံးဝင်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။
MWD Web Portal
နည်းပညာသတင်း