အင်ဒိုနီးရှား၌ အမြန်ရေယာဉ်တိမ်းမှောက် ကလေးသုံးဦးအပါအဝင် ၁၁ ဦးပျောက်ဆုံး
ဂျကာတာ ဇူလိုင် ၁၅
အင်ဒိုနီးရှားနိုင်ငံ မင်တာဝေ ကျွန်းစု ကမ်းလွန်ရေပြင်အတွင်း ဇူလိုင် ၁၄ ရက်က အမြန်ရေယာဉ် တစ်စီးတိမ်းမှောက်ခဲ့ရာ ကလေး သုံးဦးအပါအဝင် ၁၁ ဦးပျောက်ဆုံး နေကြောင်း သိရသည်။
ယင်း အမြန်ရေယာဉ်သည် ခရီးသည် ၁၆ ဦး၊ ရေယာဉ်၀န်ထမ်း နှစ်ဦးတို့နှင့်အတူ မင်တာဝေကျွန်း ဆီကာကတ်မြို့ဆိပ်ကမ်းမှစတင် ထွက်ခွာခဲ့ပြီးနောက် ဆီပိုရာ ရေလက်ကြားရေပြင်၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ရေယာဉ် တိမ်းမှောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက ရေယာဉ်ဝန်ထမ်းနှစ်ဦး အပါအဝင် လူပေါင်း ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်း အမြန်ရေယာဉ်ငယ်သည် မုန်တိုင်းတိုက်ခတ်နေစဉ် လှိုင်းရိုက်မှုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးသမားက ဒေသခံရေလုပ်သားများအကူအညီဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်သည်။
ကျွန်းပေါင်း ၁၇၀၀၀ကျော်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံ၌ ရေလမ်းခရီးအသုံးများသည်နှင့်အမျှ ရေကြောင်း မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
YDNB Newspaper