American Idol ဂီတကြီးကြပ်ရေးမှူးနှင့် ခင်ပွန်းတို့ သတ်ဖြတ်ခံခဲ့ ရခြင်းအပေါ် အဖွဲ့ဝင်များက လွန်စွာ ဝမ်းနည်းမိကြောင်း ဖော်ပြ

News Image

  • American Idol ဂီတကြီးကြပ်ရေးမှူးနှင့် ခင်ပွန်းတို့ သတ်ဖြတ်ခံခဲ့ ရခြင်းအပေါ် အဖွဲ့ဝင်များက လွန်စွာ ဝမ်းနည်းမိကြောင်း ဖော်ပြ

အဆိုပြိုင်ပွဲအစီအစဉ် "American Idol" ၏ ထုတ်လုပ်သူများသည် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးဆုံးရှုံးမှုအတွက် များစွာဝမ်းနည်းနေကြသည်ဟု ဆိုသည်။ Los Angeles ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ အစီအစဉ် ၏ ဂီတကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သူ Robin Kaye နှင့် သူမ၏ခင်ပွန်း Thomas Deluca တို့ကို တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် Encino ရှိ ၎င်းတို့၏ အိမ်၌ သေဆုံးနေသည့်အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

Robin သည် ၂၀၀၉ ခုနှစ်မှစ၍ Idol မိသားစု၏ အရေးပါသူတစ်ဦးဖြစ်ခဲ့ ပြီး သူမနှင့်တွေ့ဆုံဖူးသူအားလုံးက ချစ်ခင်လေးစားခြင်းခံရသူဖြစ်သည်" ဟု "American Idol" ၏ အဖွဲ့ဝင်တစ်ဦးက CNN သို့ အင်္ဂါနေ့ (ဇူလိူင် ၁၅) တွင် ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်တွင် "Robin သည် မိမိတို့၏နှလုံးသားထဲတွင် အမြဲ ရှိနေ မည်ဖြစ်ပြီး အဆိုပါဝမ်းနည်းဖွယ်အချိန်အတွင်း သူမ၏မိသားစုနှင့် မိတ်ဆွေ များအား လွန်စွာဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါသည်" ဟု ဖော်ပြထား သည်။

ဒေသဆိုင်ရာရဲဌာနက အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတို့သည် နေအိမ် အတွင်း၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုနေ့နှောင်းပိုင်း၌ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် အိမ်ဖောက်ထွင်းမှု သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်အရ "သံသယရှိသူ ၎င်းတို့၏နေအိမ်အတွင်း ရှိနေပြီး သတ်ဖြတ်ခံရသူများ အိမ်ပြန်ရောက်လာခဲ့စဉ် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ကာ နောက်ဆုံး တွင် သံသယရှိသူက ၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်" ဟု ဖော်ပြ ထားသည်။

Kaye သည် ၁၉၉၀ နှောင်းပိုင်းမှစတင်ကာ ဂီတဆိုင်ရာအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး IMDb မှတ်တမ်းများအရ ၁၉၉၈ ခုနှစ်တွင် "Buffy the Vampire Slayer" ဇာတ်လမ်းတွဲတွင် ပထမဆုံးအကြီးတန်း ဂီတအကြံပေး အဖြစ် လုပ်ကိုင်ခဲ့သည်။ သူမသည် ၂၀၀၈ ခုနှစ်တွင် "Nashville Star"၊ ၂၀၀၇ မှ ၂၀၁၁ အတွင်း "The Singing Bee" နှင့် ၂၀၁၄ မှ ၂၀၁၆ အတွင်း "Hollywood Game Night" အပါအဝင် ရုပ်သံအစီအစဉ်များစွာတွင် ဂီတကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။ အထူးသဖြင့် Kaye သည် ၂၀၀၉ မှ ၂၀၂၃ ခုနှစ်အထိ "American Idol" တွင် ဂီတကြီးကြပ်ရေးမှူး အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂