ရုရှား MMA လက်ဝှေ့သမားတစ်ဦး ၎င်း၏အိမ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ
ပရော်ဖက်ရှင်နယ် MMA တိုက်ခိုက်ရေးပြိုင်ပွဲ ၁၈ ပွဲအနိုင်ရရှိခဲ့ဖူးသူ ရုရှား လက်ဝှေ့သမား Timur Khizriev ကို ၎င်း၏အိမ်သို့ပြန်စဉ် မျက်နှာဖုံး စွပ်ထားသည့် လူနှစ်ဦးက ဝင်ရောက်တိုက်ခိုက်ပြီး သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခဲ့သည်။ ဒါဂက်စတန်ဒေသ၊ Makhachkala မြို့ရှိ Khizriev ၏အိမ်သို့အပြန် ဇူလိုင် ၁၅ ရက် ည ၁၁:၃၀ ဝန်းကျင်တွင် ကားတံခါး ဖွင့်နေစဉ် လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
မျက်မြင်သက်သေများအဆိုအရ လူသတ်သမားနှစ်ဦးက သေနတ်ဖြင့် ၁၀ ချက်နီးပါး ပစ်ခတ်ခဲ့ပြီး Khizriev တွင် ပခုံး၊ ရင်ဘတ်၊ ကျောနှင့် လက်ကောက်ဝတ်တို့တွင် ဒဏ်ရာငါးချက်ရရှိခဲ့သည်။ သို့သော် ရုရှား လက်ဝှေ့သမားသည် ပြန်လည်ခုခံကာ ဖြစ်ရပ်မှ ထွက်ပြေးနိုင်ခဲ့သည်ဟု သိရသည်။ ပစ်ခတ်သူများသည် ကားဖြင့်ထွက်ပြေးသွားစဉ် Khizriev နှင့် ၎င်း၏မိသားစုကို ဆဲရေးတိုင်းထွာခဲ့သည်ဟု သိရသည်။ ဒေသခံ မီဒီယာ များက အဆိုပါဖြစ်စဉ်သည် ကိုယ်ရေးကိုယ်တာ အငြင်းပွားမှု သို့မဟုတ် ဒေသအတွင်းက အားကစား (သို့) မှောင်ခိုလောက၏ အချင်းချင်း ပဋိပက္ခနှင့် ငြိစွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။
ဒေသခံရဲများက ဖြစ်စဉ်ဖြစ်ပွားရာနေရာမှ အဖြူရောင် Lada Priora ကားဖြင့် ထွက်ပြေးသွားသည့် သံသယရှိသူ ၃ ဦး (ယာဉ်မောင်း အပါ အဝင်) ကို ချက်ချင်းလိုက်လံရှာဖွေခဲ့သော်လည်း ယခုအချိန်ထိ မည်သူ့ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
ပစ်ခတ်ခံရပြီးနောက် Khizriev ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ အသက် ၂၉ နှစ်ရှိ လက်ဝှေ့သမားသည် အန္တရာယ်ကင်းပြီး အခြေအနေ တည်ငြိမ်စွာဖြင့် ပြန်လည်သက်သာလာကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိတော့ပေ။
၁၉၉၅ ခုနှစ်တွင် မွေးဖွားသော Timur Khizriev သည် Khabib Nurmagomedov နှင့် Islam Makhachev အပါအဝင် နာမည်ကျော် တိုက်သမားများ မွေးထုတ်ပေးခဲ့သည့် ဒါဂက်စတန်ဒေသမှ ထိပ်တန်း MMA တိုက်သမားတစ်ဦး ဖြစ်သည်။ Khizriev သည် ပရော်ဖက်ရှင်နယ် MMA တိုက်ပွဲ ၁၈ ပွဲစလုံးကို အနိုင်ရခဲ့ပြီး Bellator MMA တွင် ယှဉ်ပြိုင် ခဲ့ကာ 2024 PFL Featherweight ချန်ပီယံဆုကို ရရှိခဲ့သူဖြစ်သည်။ ထိုအောင်မြင်မှုဖြင့် ၎င်းသည် ဆုကြေးဒေါ်လာ ၁ သန်း ရရှိခဲ့သည်။
ဒါဂက်စတန်ဒေသသည် ကမ္ဘာ့အကောင်းဆုံး MMA တိုက်သမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး Khizriev သည်လည်း ထိုကဲ့သို့သော အားကစား သမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သည်။ လက်ရှိဒဏ်ရာမှ လျင်မြန်စွာ ပြန်လည်သက်သာလာပါစေဟု ၎င်း၏ ပရိတ်သတ်များက ဆုတောင်း ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂