သမ္မတ ထရမ့်က Coca-Cola သည် အမေရိကန်ရှိ ၎င်း၏ ထုတ်ကုန် များတွင် ပြောင်းဖူးသကြားအစား ကြံသကြားကို အသုံးပြုရန် သဘောတူကြောင်း ပြောကြား

News Image

  • သမ္မတ ထရမ့်က Coca-Cola သည် အမေရိကန်ရှိ ၎င်း၏ ထုတ်ကုန် များတွင် ပြောင်းဖူးသကြားအစား ကြံသကြားကို အသုံးပြုရန် သဘောတူကြောင်း ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်က "အမေရိကန်ရှိ ကိုကာကိုလာ အချိုရည် များတွင် ကြံသကြား (စစ်မှန်သောသကြား) အသုံးပြုရန် ၎င်းတို့နှင့် ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့ကြောင်း" ဇူလိုင် ၁၇ ရက်က Truth Social တွင် ရေးသားခဲ့သည်။

သို့သော် Coca-Cola ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက် တွင် "လူကြီးမင်း ထရမ့်၏ မိမိတို့အပေါ် အလေးထားမှုကို အသိအမှတ် ပြုသော်လည်း ကြံသကြားအသုံးပြုမည်ဟု အတည်ပြုမပြောနိုင်သေးပါ" ဟု ဖော်ပြထားသည်။ "ထုတ်ကုန်အဆင့်မြှင့်တင်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို မကြာမီ ကြေညာပါမည်" ဟု ၎င်းတို့က ဆိုသည်။

၁၉၈၅ ခုနှစ်မှစ၍ Coca-Cola သည် အမေရိကန်ရှိ ၎င်း၏အချိုရည် များတွင် High-Fructose Corn Syrup (HFCS) ကို အဓိက အချိုမှုန့် အဖြစ် အသုံးပြုခဲ့သည်။ သို့သော်၊ မက္ကဆီကို၊ ဗြိတိန်၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်း စသည့် အခြားဈေးကွက်များတွင် ကြံသကြားကိုသာ ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။ အမေရိကန်တွင် Coca-Cola က ကြံသကြားသုံး ထုတ်ကုန်အနည်းငယ်ကို ဂျူးဘာသာဝင်များ၏ စားသောက်မှု လိုအပ်ချက်များအတွက် ရောင်းချပေးလျက်ရှိသည်။

ထရမ့်သည် Coca-Cola ကို အထူးနှစ်သက်သူအဖြစ် ကျော်ကြားသည်။ ၁၉၈၁ ခုနှစ်တွင် ၎င်း၏ညီအရက်စွဲကာ နောက်ဆက်တွဲဆိုးကျိုးများဖြင့် သေဆုံးခဲ့သည့်အတွက် အရက်ကို မနှစ်သက်ကြောင်း ပြောဆိုခဲ့ဖူးသည်။

သမ္မတထရမ့်သည် Coca-Cola အား ပြောင်းဖူးသကြားအစား ကြံသကြား သို့ ပြောင်းလဲအသုံးပြုရန် တောင်းဆိုရသည့် အကြောင်းရင်းကို တိတိကျကျ မဖော်ပြခဲ့ပေ။ အဆိုပါကြေညာချက်ကို ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီး Robert F. Kennedy Jr. ၏ "Make America Healthy Again" (MAHA) လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

MAHA လှုပ်ရှားမှုတွင် High-Fructose Corn Syrup (HFCS) သည် ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေကြောင်း၊ အထူးသဖြင့် အဝလွန်ခြင်းနှင့် နာတာရှည်ရောဂါများ (ဆီးချို၊ နှလုံးရောဂါ) တို့ကို ဖြစ်စေ နိုင်သည်ဟု သုတေသနများကို ကိုးကားဖော်ပြထားသည်။

သို့သော် အခြားလေ့လာမှုများက ကြံသကြားသည် HFCS ထက် ပိုမို ကျန်းမာရေးနှင့်ညီညွတ်ကြောင်း အတိအကျ မပြောဆိုနိုင်သေးဟု ဆိုထားသည်။ သကြားနှစ်မျိုးစလုံးတွင် ဂလူးကို့စ်နှင့် ဖရက်တို့စ် ပါဝင်မှု နီးပါး တူညီပြီး ဇီဝကမ္မဖြစ်စဉ်အပေါ် သက်ရောက်မှုလည်း ဆင်တူနိုင်သည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုထားသည်။

အဆိုပါကြေညာချက်သည် အမေရိကန်စိုက်ပျိုးရေးလုပ်ငန်း (ပြောင်းဖူး သကြားထုတ်လုပ်မှု) နှင့် ကျန်းမာရေးမူဝါဒအပေါ် နိုင်ငံရေးအရ သက်ရောက် မှုရှိနိုင်သည်။ Coca-Cola က ကြံသကြားသို့ အပြည့်အဝ ပြောင်းလဲမည်ဆိုပါက ကုန်ကျစရိတ်တိုးမြင့်မှုနှင့် ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲနိုင်ခြေ ရှိသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂