အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစာအဆိပ်သင့်

News Image

  • အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစာအဆိပ်သင့်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အစာအဆိပ်သင့်ပြီး နေအိမ်မှအလုပ်တာဝန်များကို ဆောင်ရွက်လျက်ရှိကာ ၎င်း၏တရားရုံးစစ်ဆေးမှုများကို စက်တင်ဘာအထိ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း သိရှိ ရသည်။

ဘင်ဂျမင် နေတန်ယာဟုသည် ဇူလိုင် ၁၉ ရက်နေ့ညတွင် မအီမသာ ခံစား နေခဲ့ရပြီး Hadassah Ein Kerem ဆေးရုံမှ အစာအိမ်နှင့်အူလမ်းကြောင်း သမားတော် ဒေါက်တာ အလွန် ဟာရှကို က ၎င်းအား နေအိမ်တွင် စမ်းသပ် စစ်ဆေးခဲ့ရာ အစာအဆိပ်သင့်မှုကြောင့်ဖြစ်သော အူရောင်ရမ်းခြင်း (enteritis) ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။

အခြားစမ်းသပ်မှုများအရ နေတန်ယာဟု၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ရေဓာတ်ဆုံးရှုံးမှုကြောင့် လိုအပ်သည့်ကုသမှုများ လုပ်ဆောင်ပေးခဲ့သည်ဟု သိရှိရသည်။ "ဝန်ကြီးချုပ်သည် အိမ်တွင် ၃ ရက်ခန့် အနားယူမည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အရ နေအိမ်မှသာ အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျေရုဆလင်ခရိုင်တရားရုံးက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ ဇူလိုင် ၂၁ နှင့် ၂၂ ရက်တွင် စီစဉ်ထားသော တရားရုံးကြားနာ စစ်ဆေးမှု များကို ပယ်ဖျက်လိုက်သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် တရားရုံး ကြားနာစစ်ဆေးမှုများကို စက်တင်ဘာအထိ ရွှေ့ဆိုင်းရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးတရားရုံးများသည် ယခုအချိန်မှစ၍ စက်တင်ဘာ ၅ ရက်အထိ နွေရာသီအားလပ်ရက်အဖြစ် အကျုံးဝင်မည် ဖြစ်ပြီး အကန့်အသတ်ဖြင့်သာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။

အသက် ၇၅ နှစ်အရွယ် နေတန်ယာဟုအား အာဏာသိမ်းမှု၊ လာဘ်ပေး လာဘ်ယူမှုနှင့်ဆိုင်သည့် တရားစွဲဆိုမှုများကို ၂၀၂၄ ဒီဇင်ဘာတွင် စတင် စစ်ဆေးရန်စီစဉ်ထားသော်လည်း ၎င်း၏ကျန်းမာရေးပြဿနာများ၊ ဂါဇာ စစ်ပွဲ၊ အီရန်-အစ္စရေးပဋိပက္ခ၊ နိုင်ငံခြားခရီးစဉ်များနှင့် ဝန်ကြီးချုပ် တာဝန် များကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။

နေတန်ယာဟုသည် လွန်ခဲ့သော နှစ်များအတွင်းတွင်လည်း ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၄ မတ်လတွင် အူကျရောဂါ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ဖျားနာမှုကြောင့် အနားယူခဲ့ရသည်။ ထို့အပြင် ၉ လအကြာတွင် ဆီးကျိတ်ခွဲစိတ်ဖယ်ရှားမှုပြုလုပ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် နှလုံးအကူစက်ကိရိယာ (pacemaker) တပ်ဆင်ရန် ခွဲစိတ်ကုသမှုလည်း ခံယူခဲ့ဖူးသည်။

၎င်း၏တရားစွဲဆိုမှုများသည် ကျန်းမာရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ အခြေအနေများကြောင့် ဆက်လက်ရွှေ့ဆိုင်းနေရဆဲဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂